၃၁။ ရေပေါ်လမ်းလျှောက်တဲ့အရှင်ယေရှု။
အရှင်ယေရှုဟာ သူ့ရဲ့အနီးကပ်တပည့်တော်တွေကို လှေပေါ်တက်ခိုင်းပြီးကမ်းတဖက်ကို ကူးဖို့ပြောခဲ့တယ်။ သူကတော့ လူအုပ်ကြီး ပြန်သွားတဲ့အခါမှာ ဆုတောင်းဖို့အတွက် တောင်စောင်းဘက်ကို တက်သွားတယ်။ အဲ့ဒီနေရာမှာပဲ သူဟာ တစ်ယောက်တည်း ညနက်လာတဲ့အထိ ဆုတောင်းခဲ့တယ်။
ရှေ့မှာသွားနှင့်တဲ့ သူ့ရဲ့ တပည့်တော်တွေကလှေကို အားကြိုးမာန်တက် လှော်ပေမဲ့ အိုင်တဝက်အထိပဲ ရောက်နေသေးတယ်။ လေဆန်တိုက်တဲ့အတွက်ကြောင့် ခက်ခက်ခဲခဲ လှော်ခတ်ကြရတယ်။
အရှင်ယေရှုဟာ ဆုတောင်းပြီးတဲ့အခါ သူ့တပည့်တော်တွေဆီသွားတယ်။ သူတပည့်တော်တွေရှိတဲ့ လှေဆီရောက်အောင် ရေပေါ်မှာ လမ်းလျှောက်လာခဲ့တယ်။
တပည့်တော်တွေဟာ အရှင်ယေရှုကိုမြင်လိုက်တဲ့အခါ တစ္ဆေသူရဲလို့ထင်ပြီး ကြောက်သွားကြတယ်။ သူတို့ကြောက်တာကို အရှင်ယေရှုကသိလို့ သူတို့ကို ‘မကြောက်ကြနဲ့၊ ငါပါပဲ’ ဆိုပြီး လှမ်းပြောတယ်။
ပေတရုက အရှင်ယေရှုကို ‘အရှင် တကယ်ပဲ အရှင်ဖြစ်တယ်ဆိုရင် ကျွန်တော့်ကို အရှင့်ဆီလာဖို့ပြောပါ’ဆို ပြီးပြောတဲ့အခါ အရှင်ယေရှုက သူ့ကို ‘လာခဲ့ပါ’ လို့ပြောလိုက်တယ်။
ပေတရုဟာ လှေထဲကထွက်ပြီး အရှင်ယေရှုဆီကို သွားဖို့ ရေပေါ်မှာလမ်းလျှောက်လာတယ်။ ခဏပဲသွားရသေးတယ်။ အရှင်ယေရှုဆီမရောက်ခင်မှာ အရှင်ယေရှုကို မကြည့်ပဲ လှိုင်းတွေလေတွေကို သွားကြည့်မိ လိုက်တယ်။
ပေတရုဟာ ကြောက်စိတ်ဝင်လာပြီး ရေထဲကို နစ်သွားတယ်။ ‘အရှင် ကျွန်တော့်ကို ကယ်ပါ’ ဆိုပြီး အရှင်ယေရှုကိုအော်ခေါ် တဲ့အတွက် အရှင်ယေရှုဟာ ချက်ချင်းပဲ ပေတရုကို ရေထဲက ဆွဲထုတ်လိုက်တယ်။ ပေတရုကိုလည်း ‘ယုံကြည်ခြင်းအားနည်းတဲ့လူ၊ ဘာကြောင့် သံသယစိတ်ရှိရတာလဲ’ ဆိုပြီးပြောတယ်။
အရှင်ယေရှုနဲ့ ပေတရုဟာ လှေထဲကို ရောက်သွားတာနဲ့ တပြိုင်တည်း လှိုင်းနဲ့ လေဟာ ငြိမ်သက်သွားတယ်။ သူ့တပည့်တော်တွေ ကလည်း အံ့သြကြတယ်။ သူတို့က ‘ကိုယ်တော်ဟာ တကယ်ပဲ ဘုရားရဲ့ သားတော်ဖြစ်ပါတယ်’ လို့ဝန်ခံပြီး အရှင်ယေရှုကို ကိုးကွယ်ကြတယ်။
အခြေပြုကျမ်းညွှန်း - မဿဲ ၁၄: ၂၂-၃၃၊ မာကု ၆: ၄၅- ၅၂၊ ယောဟန် ၆: ၁၆-၂၂