ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

ကမ္ဘာကြီးအားအပြစ်တရားဝင်ရောက်ခြင်း

Frame 02-01

‘အာဒမ်’နှင့်သူ၏ဇနီးသည် ဘုရားရှင်ဖန်ဆင်းပေးထားသည့် လှပသောဥယျာဉ်ကြီးထဲတွင် အလွန်ပျော်ရွှင်စွာ နေထိုင်နေခဲ့ကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အဝတ်အစားများမဝတ်ဆင်ကြပေ။ သို့သော် ဤကမ္ဘာမြေပေါ်တွင် အပြစ်တရားမရှိသောကြောင့် မည်သည့်အရှက်တရားမှ မခံစားရပါ။ ၎င်းတို့သည် ပုံမှန်ပင် ပန်းခြံထဲ၌လမ်းလျှောက်ကြပြီး ဘုရားရှင်နှင့်စကားပြောကြသည်။

Frame 02-02

သို့သော်၎င်းဥယျာဉ်ထဲတွင်အလွန်ကောက်ကျစ်သော မြွေတစ်ကောင်ရှိလေသည်။ ၎င်းမြွေကမိန်းမအား "ဘုရားရှင်သည်သင်တို့အားဤဥယျာဉ်ထဲရှိတချို့အပင်က အသီးကိုမစားရန် ပညတ်ထားတယ်ဆိုတာအမှန်ပင်ဟုတ်ပါသလား"ဟု မေးမြန်းလိုက်လေသည်။

Frame 02-03

ထိုမိန်းမက "ဘုရားရှင်သည်ကောင်းခြင်းဆိုးခြင်းကိုသိစေနိုင်သော အသိဉာဏ်သစ်ပင်မှလွဲ၍ မည်သည့်အပင်က အသီးကိုမဆို စားသုံးနိုင်သည်"ဟု ကျွန်ုပ်တို့အားမှာကြားထားပါသည်။"ထိုအသီးအား စားရန်ပင်မဆိုနှင့် ထိရုံနှင့်ပင်သေလိမ့်မည်ဟု ဘုရားရှင်က ကျွန်ုပ်တို့အားပညတ်ထားပါသည်"ဟုဖြေဆိုလိုက်လေသည်။

Frame 02-04

ထိုအခါတွင်မြွေက “ဒါတွေကအမှန်မဟုတ်ပါ၊ သင်တို့သေမည်မဟုတ်ပါ၊ ထိုအသီးကိုသင်တို့စားလိုက်လျှင် ဘုရားရှင်ကဲ့သို့ပင် အကောင်းနှင့်အဆိုးများကိုချက်ချင်း နားလည်သဘောပေါက်သွားမည်ကို ဘုရားရှင်ကစိုးရိမ်၍သာဤသို့ပညတ်ထားခြင်းဖြစ်သည်။”ဟုပြန်လည်ပြောဆိုလိုက်လေသည်။

Frame 02-05

မိန်းမကထိုအသီးများသည် အလွန်လှပ၍ စားချင်စဖွယ်ဖြစ်သည်ဟု မြင်လေ၏။ သူမသည် ဉာဏ်ပညာကြီးမြတ်ချင်သောကြောင့် ထိုအသီးအချို့ကို ခူးယူစားသုံးလိုက်သည်။ သူမနှင့်အတူ ပါလာသော သူမ၏ခင်ပွန်းအားကျွေးလိုက်သဖြင့် အာဒမ်ကလည်းစားလိုက်လေသည်။

Frame 02-06

ရုတ်တရက်တွင်သူတို့၏အသိဥာဏ်မျက်လုံးများပွင့်သွားပြီးနောက် သူတို့ကိုယ်လုံးတည်းဖြစ်နေသည်ကို သတိထား မိသွားကြသည်။ သူတို့သည်သစ်ရွက်များကို အဝတ်အစားအဖြစ်ပြုလုပ်ပြီး ဖုံးအုပ်ရန်ကြိုးစားကြပါသည်။

Frame 02-07

ထိုအချိန်တွင် ဘုရားရှင်သည်ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည်ကို အာဒမ်နှင့်သူ၏ဇနီးတို့က ကြားလိုက်ကြသည်။ ထိုအခါ ၎င်းတို့နှစ်ဦးစလုံး ဘုရားရှင်အား ပုန်းကွယ်နေကြသည်။ ထိုအခါ ဘုရားရှင်က “သင်တို့ဘယ်မှာလဲ” ဟု မေးလေသည်။ ‘အာဒမ်’က “ကျွန်ုပ်သည် ဘုရားရှင်ဥယျာဉ်ထဲမှာ လမ်းလျှောက်နေသည်ကိုကြားရပါသည်၊ ကျွန်ုပ်တို့သည် ကိုယ်လုံးတည်းဖြစ်နေသောကြောင့် ကြောက်ရွံ့၍ပုန်းနေပါသည်"ဟု ဖြေကြားခဲ့ပါသည်။

Frame 02-08

ထိုအခါဘုရားရှင်က “သင်တို့ ကိုယ်လုံးတည်းဖြစ်နေသည်ဟု ဘယ်သူကပြောသနည်း၊ ငါ မစားနှင့်ဟုပြောထားသောအသီးအား စားခဲ့ပါသလား” ဟုမေးမြန်းလိုက်ပါသည်။ထိုအခါအာဒမ်က “ဘုရားရှင်က ကျွန်ုပ်ကို ဤမိန်းမအားပေးခဲ့ပြီး၊ ဤမိန်းမက ကျွန်ုပ်အား ဤအသီးကိုပေးပါသည်”ဟု ပြန်လည်ဖြေကြားလိုက်သည်။ ထိုအခါဘုရားရှင်သည် ထိုမိန်းမအား “သင်ဘာလုပ်မိပြီလဲ”ဟု မေးလိုက်သည်။ မိန်းမက “မြွေက ကျွန်ုပ်အားလှည့်စားလိုက်သည်”ဟု ပြန်လည်ဖြေကြားလိုက် လေသည်။

Frame 02-09

ဘုရားရှင်သည်မြွေအား “ကျွန်ုပ် သင့်အားကျိန်စာတိုက်လိုက်သည်။ သင်သည်ဝမ်းဗိုက်နှင့် တွားသွားပြီး မြေကြီးကိုစားရမည်။ သင်နှင့်ဤမိန်းမသည် တစ်ဦးနှင့်တစ်ဦးမုန်းတီးကြပြီး သင်၏သား သမီးနှင့် သူမ၏သားသမီးများကလည်း အချင်းချင်းမုန်းတီးကြလိမ့်မည်။ ဤမိန်းမ၏မျိုးရိုးစဉ်ဆက် များမှာ သင်၏ဦးခေါင်းကိုနင်းချေကြမည်ဖြစ်ပြီး သင်သည်လဲ၎င်းတို့၏ခြေမျက်စိအား ဒဏ်ရာရစေလိမ့် မည်။”ဟုမိန့်တော်မူလိုက်သည်။

Frame 02-10

ထို့နောက်ဘုရားရှင်က မိန်းမအား “သင်သည် ကလေးမွေးဖွားရာတွင် အလွန်အမင်းနာကျင်စေမည်။ သင်သည် သင်၏ယောက်ျားအား လိုချင်တပ်မက်ပြီးသင့်ယောက်ကျားက သင့်အပေါ်တွင် ကြီးစိုးမည်။”ဟုမိန့်တော်မူလိုက်လေသည်။

Frame 02-11

ဘုရားရှင်က ယောက်ျားအား “သင်သည် သင်၏မိန်းမစကားအားနားထောင်ပြီး ကျွန်ုပ်အား ဖီဆန်ခြင်းပြုသည်။ ယခုအခါတွင် မြေကြီးသည် ကျိန်စာတိုက်ခြင်းခံရ၍ စားစရာစိုက်ပျိုးရန် ခက်ခဲစွာကြိုးစားဖို့ လိုအပ်မည်ဖြစ်သည်။ ထို့နောက်သင်သေဆုံးပြီး သင်၏ခန္ဓာကိုယ်သည် မြေကြီးထဲသို့ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။” အမျိုးသားက သူ၏မိန်းမအား အသက်ပေးသူဟူသော အဓိပ္ပါယ်ဖြင့် ‘ဧဝ’ဟု အမည်ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် လူတိုင်း၏မိခင်ဖြစ်လာမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားရှင်က ‘အာဒမ်’နှင့် ‘ဧဝ’အား တိရိစ္ဆာန်အရေခွံများဖြင့် ဝတ်စားဆင်ယင်ပေးလိုက်သည်။

Frame 02-12

ထို့နောက် ဘုရားရှင်က “ယခုအခါတွင် လူသားများသည် ကျွန်ုပ်တို့ကဲ့သို့ အကောင်းအဆိုးများကို ခွဲခြားသိမြင်လာကြပြီးဖြစ်သဖြင့်သူတို့အား အသက်၏သစ်ပင်မှအသီးကိုစား၍ ထာဝရအသက်ရှင်ခွင့် မပြုသင့်ပေ၊ ထို့ကြောင့် ဘုရားရှင်သည်သူတို့အားဥယျာဉ်၏အဝေးသို့ ထွက်ခွာသွားစေသည်။ ဘုရားရှင်က မည်သူမှ အသက်၏သစ်ပင်မှ သစ်သီးများအား မစားနိုင်စေရန် စွမ်းအားကြီးသော တမန်တော်များကို ထိုဥယျာဉ်၏အဝင်ဝတွင်စောင့်စေလေသည်။

__