12.

ဣသရေလလူမျိုးများသည် အီဂျစ်မှ စွန့်ခွာရသည့်အတွက် အလွန်အမင်းပျော်ရွှင်နေကြလေသည်။ သူတို့သည် ကျွန်များမဟုတ်တော့ဘဲ သူတို့အား ပေးထားသောမြေနေရာများသို့ သွားနေကြပြီဖြစ်သည်။ အီဂျစ်လူမျိုးများသည် ဣသရေလလူမျိုးများတောင်းသော ရွှေငွေနှင့် အခြားတန်ဖိုးကြီးသောအရာများအားလုံးကိုပင် ပေးကြလေသည်။ အခြားနိုင်ငံများမှ အချို့လူများသည် ဘုရားရှင်က ဣသရေလလူမျိုးများနှင့်အတူ အီဂျစ်မှ ထွက်ခွာရာ၌ လိုက်ပါသွားသည်ဟု ယုံကြည်ကြလေသည်။

နေ့ဘက်တွင် မြင့်မားသော တိမ်တိုက်တစ်ခုက ၎င်းတို့ရှေ့မှသွားပြီး ညအခါတွင် မြင့်မားသောမီးရှူးတိုင်ကြီး ဖြစ်သွားလေသည်။ ဘုရားရှင်သည် ၎င်းတို့နှင့် အမြဲအတူတကွရှိပြီး တိမ်တိုက်ကြီး၊ မီးရှူးတိုင်ကြီးနှင့်လည်း လမ်းပြနေသူဖြစ်ပါသည်။ ၎င်းတို့အားလုံးလုပ်ဆောင်ရမည့်အလုပ်တစ်ခုမှာ သူ၏နောက်မှလိုက်ပါရုံပင် ဖြစ်ပါသည်။

အချိန်တိုတောင်းသောကာလတစ်ခုတွင် ဖာရိုနှင့်သူ၏လူမျိုးများ၏ စိတ်ဓာတ်များသည်လည်း ပြောင်းလဲသွားကြပြီး သူတို့သည် ဣသရေလလူမျိုးများအား ပြန်လည်၍ ကျွန်အဖြစ် ထားချင်လေကြသည်။ ထို့ကြောင့် သူတို့သည် ဣသရေလလူမျိုးများနောက်သို့ အလျင်အမြန်လိုက်ကြလေသည်။ ၎င်းတို့တွင် ထိုသို့စိတ်များပြောင်းလဲသွားအောင် ဘုရားရှင်က ပြုလုပ်လိုက်ခြင်းဖြစ်လေသည်။ ဤသို့ပြုမူရခြင်းမှာ ‘ယောဝ’ ဟူသောသူသည် ဖာရိုနှင့်အီဂျစ်တွင်ရှိသော နတ်ဘုရားများအားလုံးထက် အစွမ်းထက်သည်ကို လူတိုင်းအားသိစေလိုသောကြောင့်ဖြစ်သည်။

ဣသရေလလူမျိုးများသည် အီဂျစ်စစ်တပ်များချီတက်လာသည်ကို တွေ့မြင်သောအခါတွင် ဖာရို၏စစ်တပ်နှင့် ပင်လယ်နီကြားတွင် မိမိတို့ ပိတ်မိနေကြောင်း သတိထားမိကြလေသည်။ ၎င်းတို့အားလုံး အလွန်အမင်းကြောက်ရွံ့၍ “ကျွန်ုပ်တို့ အဘယ်ကြောင့် အီဂျစ်အား စွန့်ခွာလာကြသနည်း၊ ကျွန်ုပ်တို့အားလုံး သေဆုံးကြရတော့မည်။” ဟု ငိုကြွေးကြလေသည်။

‘မောရှေ’ သည် ဣသရေလလူမျိုးများအား “ကြောက်ရွံ့ခြင်းများအား ရပ်တန့်ကြလော့” “ဘုရားရှင်သည် သင်တို့အတွက် ယနေ့တိုက်ပွဲဝင်ပေးပြီး သင်တို့အား ကယ်တင်မည်ဖြစ်သည်” ဟုဆိုလိုက်ပါသည်။ ထို့နောက် ဘုရားရှင်သည် ‘မောရှေ’ အား “လူများကို ပင်လယ်နီဖက်သို့ ဆက်လက်ရွေ့လျားသွားခိုင်းပါ” ဟုပြောကြားလေသည်။

ထို့နောက် တိမ်တိုက်ကြီးသည် ဣသရေလလူမျိုးများနှင့် အီဂျစ်လူမျိုးများကြားသို့ ရွေ့လျားသွားပြီး ညအခါတွင် မီးရှူးတိုင်ကြီးဖြစ်သွားလေသည်။ အီဂျစ်လူမျိုးများသည် ဣသရေလလူမျိုးများထံသို့ တစ်ညလုံး ချဉ်းကပ်၍မရပေ။

ထို့နောက် ဘုရားရှင်သည် ‘မောရှေ’အား ပင်လယ်ပြင်၏အပေါ်သို့ ၎င်း၏လက်အား ဆန့်တန်းစေပြီး လေဖြင့်ပင်လယ်ရေများကို ဘယ်ညာတွန်းစေသဖြင့် ပင်လယ်ထဲတွင် လမ်းတစ်ခုဖြစ်ပေါ်စေခဲ့သည်။

ဣသရေလလူမျိုးများသည် ပင်လယ်ပြင်ကိုဖြတ်၍ ရေတံတိုင်းနှစ်ဖက်ကြားရှိ ကုန်းမြေခြောက်ပေါ်မှ ချီတက်ကြလေသည်။

ထို့နောက် အီဂျစ်လူမျိုးများသည် ဣသရေလလူမျိုးများ ထွက်ပြေးနေသည်ကို တွေ့မြင်ကြသဖြင့် ဣသရေလလူမျိုးများအား လိုက်လံဖမ်းဆီးကြလေတော့သည်။

ထိုအခါ သူတို့သည် ဣသရေလလူမျိုးများကဲ့သို့ ပင်လယ်ပြင်ထဲရှိ လမ်းကြောင်းအတိုင်း လိုက်ကြလေသည်။ သို့သော် ဘုရားရှင်သည် အီဂျစ်လူမျိုးများအား ကြောက်လန့်စေပြီး ၎င်းတို့၏လှည်းများအား ပတ်မိနေစေသည်။ ၎င်းတို့သည် “ပြေးကြဟေ့၊ ဘုရားရှင်က ဣသရေလလူမျိုးများဘက်က တိုက်ခိုက်နေတယ်” ဟု အော်ဟစ်ကြလေသည်။

ဣသရေလလူမျိုးအားလုံးတို့သည် တဖက်ကမ်းသို့ ရောက်ရှိသွားကြလျှင် ဘုရားရှင်သည် ‘မောရှေ’ အား ထပ်မံ၍ ရေပေါ်တွင်လက်ကို ဆန့်တန်းစေသည်။ ‘မောရှေ’ ထိုကဲ့သို့ ပြုလုပ်လိုက်သောအခါတွင် ရေများသည် အီဂျစ်စစ်တပ်ပေါ်သို့ ကျရောက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသဖြင့် အီဂျစ်စစ်တပ်တစ်ခုလုံး ရေမြုပ်သွားကြလေသည်။

ဣသရေလလူမျိုးများသည် အီဂျစ်လူမျိုးများသေဆုံးသွားကြသည်ကို တွေ့ရသောအခါတွင် သူတို့သည် ဘုရားရှင်အား ယုံကြည်သွားကြပြီး ‘မောရှေ’ မှာ ဘုရားရှင်၏ပရောဟိတ်တစ်ယောက် ဖြစ်ကြောင်းကိုလည်း ယုံကြည်သွားကြလေသည်။

ဘုရားရှင်သည် ဣသရေလလူမျိုးများ၏ကျွန်ဖြစ်နေရခြင်းအပြင် သေဘေးကျရောက်နေသောရန်မှပါ ကယ်တင်ပေးခဲ့သောကြောင့် ၎င်းတို့မှာ အလွန်အမင်းပျော်ရွှင်နေကြလေသည်။ ယခုအခါတွင် သူတို့သည် ဘုရားရှင်အားယုံကြည်ကိုးကွယ်ရန် လွတ်လပ်သွားကြပြီဖြစ်သည်။ ဣသရေလလူမျိုးများ အား ဘုရားရှင်သည် အီဂျစ်စစ်တပ်မှကယ်တင်ပေးလိုက်သောကြောင့် ၎င်းတို့၏လွတ်လပ်မှု့အသစ် အား ဂုဏ်ပြုသီချင်းသီဆိုရန် အောင်ပွဲခံနေကြလေသည်။

ဘုရားရှင်က ဣသရေလလူမျိုးများသည် အီဂျစ်များအားအနိုင်ယူခဲ့ပြီး ကျွန်အဖြစ်မှလွတ်မြောက်စေခဲ့ သော ဂုဏ်ပြုခြင်းအထိမ်းအမှတ်အနေဖြင့် ပွဲတော်တစ်ခုနှစ်စဉ်ကျင်းပကြရန် မိန့်ကြားလေသည်။ ဤပွဲတော်အား ပသာခါစားပွဲတော်ဟုခေါ်၍ ပွဲတော်ကျင်းပရာတွင် ကျန်းမာသောသိုးတစ်ကောင်အား သတ်ပြီးမီးဖြင့်ကင်ကာ တဆေးမပါသောပေါင်မုန့်ဖြင့် စားသုံးခြင်းပြုလုပ်ရသည်။
__