မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

ကတိတော်နှင့်စပ်ဆိုင်သောသား

OBS Image

(၅-၁)‘အာဗြံ’နှင့်‘စာရဲ’တို့သည် ‘ခါနန်’ကို‌ရောက်၍ဆယ်နှစ်ခန့်ကြာသော်လည်း သူတို့တွင်သားသမီး မထွန်းကားသေးပေ။ ထိုအခါ ‘အာဗြံ’၏ဇနီးဖြစ်သူ ‘စာရဲ’က “ဘုရားရှင်သည် ကျွန်မအားသားသမီးမထွန်းကားစေပါ။ ကျွန်မမှာကလေးမွေးဖွားရန် အတွက်အလွန်အိုမင်းနေပြီဖြစ်သည်။ ဤသူမှာ ကျွန်မ၏အခိုင်းအစေ ဟာဂရုဖြစ်သည်။ ကျွန်မအတွက် ကလေးမွေးပေးရန် သူမအားလက်ထပ်ပါ”ဟု ‘‘အာဗြံ’’အား ပြောဆိုခဲ့လေသည်။

OBS Image

(၅-၂)ထို့ကြောင့် ‘အာဗြံ’သည် ဟာဂရအားလက်ထပ်လိုက်၏။ ဟာဂရသည်သားလေးတစ်ဦးမွေး၍ ‘အာဗြံ’က၎င်းအား ‘ဣရှမေလ’ဟုအမည်ပေးခဲ့သည်။ သို့သော်’စာရဲ’သည် ‘ဟာဂရ’အား မနာလိုဝန်တိုဖြစ်လာ၏။ ‘ဣရှမေလ’တစ်ဆယ့်သုံးနှစ်သို့ရောက်သောအခါတွင် ဘုရားရှင်သည် ‘အာဗြံ’အား ထပ်မံ၍စကားပြောဆိုလေသည်။

OBS Image

(၅-၃)ဘုရားရှင်က “ကျွန်ုပ်သည် ကြီးမြတ်သောဘုရားရှင်ဖြစ်ပြီး ကျွန်ုပ်သင်နှင့်အပေးအယူ တစ်ခုပြုလုပ်မည်”ဟု မိန့်တော်မူလေသည်။ ထိုအချိန်တွင်’အာဗြံ’သည် မြေကြီးပေါ်၌ ဦးညွှတ်နေခဲ့သည်။ ဘုရားရှင်က “သင်သည် နိုင်ငံများစွာ၏ဖခင်ဖြစ်မည်။ ကျွန်ုပ်သည် သင်နှင့်သင်၏မျိုးရိုးစဉ်ဆက်အား ဤ’ခါနန်’မြေကိုအပိုင်ပေးပြီး ကျွန်ုပ်သည်သင်တို့၏ ထာဝရဘုရားသခင်ဖြစ်သွားမည်။ သင့်မိသားစုထဲတွင်ရှိသော ယောက်ျားလေးတိုင်းအား အရေဖျားဖြတ်မင်္ဂလာပြုလုပ်ပါ”ဟု ‘အာဗြံ’အား မိန့်တော်မူခဲ့လေသည်။

OBS Image

(၅-၄)“သင်၏ဇနီးဖြစ်သူ’စာရဲ’သည် သားတစ်ဦးမွေးဖွားလိမ့်မည်ဖြစ်ပြီး သူသည် ကတိတော်နှင့်စပ်ဆိုင်သောသားဖြစ်လိမ့်မည်။ ထိုသူအား ‘ဣဇာက်’ဟုအမည်ပေးပါ။ ကျွန်ုပ်သူနှင့် ပဋိညာဉ်ပြုလုပ်ပြီးသူသည်အင်အားကြီးသောလူမျိုး ကြီးတစ်ခု ဖြစ်လာလိမ့်မည်။ ကျွန်ုပ်သည် ‘ဣရှမေလ’ကိုလည်း ကြီးမားသောလူမျိုးစုတစ်ခု ပြုလုပ်ပေးမည်။ သို့သော်ကျွန်ုပ်သည် ‘ဣဇာက်’နှင့်သာ ကတိစကားပြုခဲ့ခြင်းဖြစ်သည်။” ထို့နောက်ဘုရားရှင်သည် ‘အာဗြံ’၏အမည်အား ‘အာဗြဟံ’ဟု ပြောင်းပေးလိုက်သည်။ အဓိပ္ပါယ်မှာ လူမျိုးများစွာတို့၏ ဖခင်ဖြစ်သည်။ ထို့နောက်ဘုရားရှင်က ‘စာရဲ’၏အမည်အား ‘မင်းသမီး’ဟူသော အဓိပ္ပါယ်ရသည့် ‘စာရာ’ဟုပြောင်းလိုက်လေသည်။

OBS Image

(၅-၅)ထိုနေ့တွင် ‘အာဗြဟံ’သည် သူ၏အိမ်ထောင်စုရှိယောက်ျားလေးအားလုံးအား အရေဖျားလှီး မင်္ဂလာပြုလုပ်လိုက်လေသည်။ တစ်နှစ်ခန့်ကြာသော် ‘အာဗြဟံ’က အသက်တစ်ရာနှင့် စာရာ၏ အသက်ကိုးဆယ်တွင် ‘စာရာ’သည်သားတစ်ဦးရခဲ့လေသည်။ ထိုသားအား ဘုရားရှင် ပြောကြားခဲ့သည့်အတိုင်း ‘ဣဇာက်’ဟု အမည်ပေးလေသည်။

OBS Image

(၅-၆)‘ဣဇာက်’သည်လူငယ်အရွယ်သို့ရောက်လာသောအခါတွင် ဘုရားရှင်သည် ‘အာဗြဟံ’၏ယုံကြည်မှုအား စမ်းသပ်သည့်အနေဖြင့် “သင်၏တစ်ဦးတည်းသောသားဖြစ်သည့် ‘ဣဇာက်’အားခေါ်ယူ၍ ကျွန်ုပ်အတွက် ပူဇော်ပါ”ဟု ပြောကြားလိုက်သည်။ ‘အာဗြဟံ’သည် ဘုရားရှင်အမိန့်တော်အား ထပ်မံနာခံခဲ့ပြီး သူ၏သားအား ပူဇော်ရန် ပြင်ဆင်လေသည်။

OBS Image

(၅-၇)‘အာဗြဟံ’နှင့် ‘ဣဇာက်’တို့သည် ပူဇော်မည့်နေရာသို့လမ်းလျှောက်လာစဉ် ‘ဣဇာက်’က “’ဖခင်၊ ပူဇော်ရန်အတွက် ထင်းကျွန်ုပ်တို့၌ရှိနေပြီ။ သို့သော် သိုးကားအဘယ်မှာနည်း”ဟု မေးမြန်းသော် ‘အာဗြဟံ’က “ပူဇော်ရန် ဘုရားရှင်ကပေးပါလိမ့်မည်၊ငါ့သား”ဟု ပြန်လည်ဖြေကြားလေသည်။

OBS Image

(၅-၈)ပူဇော်သောနေရာသို့ရောက်သောအခါတွင် ‘အာဗြဟံ’သည် သူ၏သား’ဣဇာက်’အား ကြိုးနှင့် ချည်နှောင်၍ ပူဇော်သည့်နေရာပေါ်သို့လှဲချလိုက်လေသည်။ သူ၏သားအား သတ်မည့်အချိန်တွင် ဘုရားရှင်သည် “ရပ်လိုက်ပါ၊ သူငယ်အားနာကျင်အောင် မပြုလုပ်ပါနှင့်၊ ငါပေးထားသည့်သင်၏တစ်ဦးတည်းသောသားကိုပင် စွန့်လွှတ်နိုင်လောက်အောင် ငါ့အားကြောက်ရွံ့ ရိုသေကြောင်းကို ယခုပင်ငါသိလိုက်ရပြီ။”ဟုမိန့်တော်မူလေသည်။

OBS Image

(၅-၉)အနီးအနားတစ်ဝိုက်ရှိ ခြုံထဲ၌ငြိနေသော သိုးထီးတစ်ကောင်အား ‘အာဗြဟံ’တွေ့လေသည်။ ဘုရားရှင်က ‘ဣဇာက်’အစားယစ်ပူဇော်နိုင်ရန် ကူညီပြင်ဆင်ပေးထားခြင်းဖြစ်သဖြင့် ‘အာဗြဟံ’သည် သိုးထီးအား ဝမ်းမြောက်ဝမ်းသာ ပူဇော်လိုက်လေသည်။

OBS Image

(၅-၁၀)ထို့နောက်ဘုရားရှင်သည် ‘အာဗြဟံ’အား “သင်သည်သင်၏တစ်ဦးတည်းသောသားအပါအဝင် အရာအားလုံးကို ကျွန်ုပ်အားပေးရန်ဝန်မလေးပေ။ ထို့ကြောင့်ကျွန်ုပ်သည် သင့်အားကောင်းချီးပေးမည်ဟု ကတိပေးထားခဲ့သည့်အတိုင်းသင်၏နောင်လာနောက်သားမျိုးဆက်များသည် ကောင်းကင်ယံမှကြယ်များထက် ပွားများလာလိမ့်မည်။သင်ကျွန်ုပ်၏စကားကို နာခံခဲ့သည့်အတွက်ကြောင့် ကမ္ဘာပေါ်တွင်ရှိသော မိသားစုအားလုံးကို သင်၏မိသားစုမှတစ်ဆင့် ကျွန်ုပ်ကောင်းချီးပေးမည်”ဟု မိန့်တော်မူခဲ့‌လေသည်။

__