ရှင်ယောဟန်မှ ကိုယ်တော်ယေရှုအား ရေနှစ်မင်္ဂလာပြုပေးခြင်း
ဇာခရိနှင့် အဲလိဇဘက်တို့၏ သားဖြစ်သူ ယောဟန်သည် အသက်ကြီးပြင်းလာသောအခါ ရှေ့ဖြစ်ဟောပညာရှိ ဖြစ်သွားလေသည်။ သူသည် တောကန္တာရထဲတွင် နေထိုင်၍ ပျားရည်အားသောက်သုံးကာ ကျိုင်းကောင်များကိုစားပြီး ကုလားအုပ်အမွှေးဖြင့် ပြုလုပ်ထားသော အဝတ်အစားများအား ဝတ်ဆင်လေသည်။
လူများစွာသည် တောကန္တာရထဲသို့ ထွက်လာပြီး ယောဟန်ဟောကြားသောတရားများအား လာရောက်နားထောင်ကြပါသည်။ ရှင်ယောဟန်က ထိုလူများအား “နောင်တရကြပါ၊ ဘုရားရှင်၏သာသနာတော်နှင့် နီးကပ်လာပြီဖြစ်သည်” ဟု ဟောပြောခဲ့ပါသည်။
လူများက ရှင်ဟောဟန်၏ သတင်းစကားအား ကြားသောအခါတွင် များစွာသောလူတို့သည် ၎င်းတို့၏အပြစ်များအတွက် နောင်တရကြသဖြင့် ရှင်ယောဟန်က ရေနှစ်မင်္ဂလာပြုပေးလေသည်။ များစွာသော ဘာသာရေးခေါင်းဆောင်များသည် ရှင်ယောဟန်ထံသို့ လာကြသော်လည်း သူတို့မှာ အပြစ်များအား ဝန်ခံခြင်း၊ နောင်တရခြင်း မရှိကြချေ။
ရှင်ယောဟန်သည် ဘာသာရေးခေါင်းဆောင်များအား “သင်တို့သည် အဆိပ်ရှိသော မြွေများဖြစ်ကြပြီး သင်တို့၏ အကျင့်စရိုက်များအား ပြုပြင်ပြောင်းလဲ၍ နောင်တရကြပါ။ ဘုရားရှင်သည် အသီးကောင်း မသီးသောအပင်တိုင်းအား ခုတ်လှဲ၍ မီးထဲသို့ ထည့်လိမ့်မည်” ဟု ပြောကြားလေသည်။ “သင်လာမည့်လမ်းအား ပြင်ဆင်နိုင်ရန် သင်၏ရှေ့တွင် သတင်းပေးသူတစ်ဦးအား ကျွန်ုပ်စေလွှတ်လိုက်မည်” ဟူသော ရှေ့ဖြစ်ဟောပညာရှိတို့၏ စကားကို အရှင်ယောဟန်က ဖြည့်ဆည်းနေခြင်းဖြစ်ပါသည်။
အချို့သော ဘာသာရေးခေါင်းဆောင်များသည် အရှင်ယောဟန်အား “မေရှိယ” ဟုတ်ပါသလားဟု မေးကြလေသည်။ အရှင်ယောဟန်က “ကျွန်ုပ်သည် မေရှိယမဟုတ်ပါ။ သို့သော် သူသည် ကျွန်ုပ်၏ နောက်တွင် ရောက်ရှိလာလိမ့်မည်။ သူသည် အလွန်ကြီးကျယ်မြင့်မြတ်သောကြောင့် ကျွန်ုပ်သည် သူ၏ဖိနပ်ကြိုးကိုချည်ပေးရန်ပင် မထိုက်တန်ပေ” ဟု ပြန်လည်ဖြေကြားလိုက်ပါသည်။
နောက်တစ်နေ့တွင် ရှင်ယောဟန်ထံ၌ ကိုယ်တော်ယေရှုသည် ရေနှစ်မင်္ဂလာပြုလုပ်ရန် လာရောက်လေသည်။ ရှင်ယောဟန်သည် သူ့အားတွေ့သောအခါတွင် “ ကမ္ဘာကြီးရှိ အပြစ်များအား အဝေးသို့ ယူဆောင်သွားမည့်ဘုရားရှင်၏ သိုးသူငယ်ကို ကြည့်ရှုကြလော့” ဟု ပြောကြားလိုက်လေသည်။
ရှင်ယောဟန်က ကိုယ်တော်ယေရှုအား “ကျွန်ုပ်သည် သင့်အား ရေနှစ်မင်္ဂလာပြုလုပ်ရန် မထိုက်တန်ပါ။ သင်ကသာ ကျွန်ုပ်အား ရေနှစ်မင်္ဂလာပြုလုပ်ပေးရမည်ဟု ပြောကြားလေသည်”။ သို့သော် ကိုယ်တော်ယေရှုသည် “သင်သည် ကျွန်ုပ်အား ရေနှစ်မင်္ဂလာ၌ပြုပေးရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် မှန်ကန်သောအကြောင်းတရားဖြစ်သောကြောင့်ဖြစ်သည်” ဟု မိန့်ကြားလိုက်လေသည်။ ထို့ကြောင့် ကိုယ်တော်ယေရှုသည် မည်သည့်အခါမျှ အပြစ်ကျူးလွန်ခြင်း မရှိသော်လည်း ရှင်ယောဟန်မှ ရေနှစ်မင်္ဂလာပြုလုပ်ပေးလေသည်။
ကိုယ်တော်ယေရှုသည် ရေနှစ်မင်္ဂလာခံယူပြီး ရေထဲမှ ထွက်ပေါ်လာစဉ်တွင် ဘုရားရှင်၏ဝိဉာဉ်တော်သည် ဂျိုးငှက် အသွင်ဖြင့် ဆင်းသက်လာပြီး ကိုယ်တော်ယေရှုအပေါ်သို့ သက်ဆင်းလိုက်လေသည်။တစ်ချိန်တည်းမှာပင် ဘုရားရှင်သည် "ဤသူသည် ကျွန်ုပ်၏သားတော်ဖြစ်သည်။ကျွန်ုပ်သည် သူ့အား ချစ်ခင်မြတ်နိုးတော်မူ၍ သူ့အပေါ်တွင် အလွန်ကျေနပ်နှစ်သက်တော် မူလေသည်။" ဟု မိုးကောင်းကင်မှ မိန့်တော်မူလေသည်။
ဘုရားရှင်က အရှင်ယောဟန်အား “သင်ရေနှစ်မင်္ဂလာ ပြုပေးလိုက်သော တစ်စုံတစ်ဦးပေါ်တွင် သန့်ရှင်းသော ဉာဏ်အလင်းတော်သည် ကြွရောက်တည်ရှိနေလိမ့်မည်။ ထိုသူသည် ဘုရားရှင်၏ သားတော်ဖြစ်သည်” ဟု ပြောကြားခဲ့ပါသည်။ ဘုရားရှင်သည် တစ်ဆူတည်းသောဘုရားဖြစ်ပါသည်။ သို့သော် အရှင်ယောဟန် သည်ကိုယ်တော်ယေရှုအား ရေနှစ်မင်္ဂလာပြုပေးနေစဉ်အချိန်တွင် သူသည်အဖဘုရားရှင်၏ မိန့်တော်မူသောအသံကို ကြားခဲ့ရပြီးဘုရား၏ သားတော်ယေရှုထံသို့သန့်ရှင်းသော ဉာဏ်အလင်းတော်သက်ရောက်ခြင်းအားလည်း တွေ့မြင်ခဲ့ရပါသည်။
__