ထွက်မြောက်ခြင်း
(၁၂-၁) ဣသရေလလူမျိုးများသည် အီဂျစ်မှ ထွက်ခွာရသည့်အတွက် အလွန်ပျော်ရွှင်နေကြလေသည်။ သူတို့သည် ကျွန်ဘဝမှလွတ်မြောက်သွားကြပြီးသူတို့အားဘုရားရှင်ကတိထားတော်မူသောမြေနေရာသို့ သွားနေကြပြီဖြစ်သည်။ အီဂျစ်လူမျိုးများသည် ဣသရေလလူမျိုးများတောင်းသော ရွှေငွေနှင့် အခြားတန်ဖိုးကြီးသောအရာများအားလုံးကိုပင် ပေးကြလေသည်။ ဘုရားရှင်ကိုယုံသောအခြားနိုင်ငံများမှ အချို့လူများသည် ဣသရေလလူမျိုးများနှင့်အတူ အီဂျစ်မှ ထွက်ခွာရာ၌ လိုက်ပါသွားကြသည်။
(၁၂-၂) နေ့ဘက်တွင် မြင့်မားသော မိုးတိမ်တိုင်တစ်ခုက သူတို့ရှေ့မှဦးဆောင်ခေါ်သွားလေသည်။ထိုမိုးတိမ်တိုင်သည်ညအခါတွင် မြင့်မားသောမီးရှူးတိုင်ကြီး ဖြစ်သွားလေသည်။ ဘုရားရှင်သည် သူတို့နှင့် အမြဲအတူတကွရှိပြီး မိုးတိမ်တိုင်ကြီး၊ မီးရှူးတိုင်ကြီးအဖြစ်လမ်းညွှန်နေသူဖြစ်ပါသည်။ သူတို့အားလုံးလုပ်ဆောင်ရမည့်အလုပ်တစ်ခုမှာ ဘုရားရှင်၏နောက်တော်မှလိုက်ပါရုံပင် ဖြစ်ပါသည်။
(၁၂-၃) အချိန်ခဏအတွင်းတွင်ဖာရောနှင့်သူ့လူများစိတ် ပြောင်းလဲသွားကြပြီး သူတို့သည် ဣသရေလလူမျိုးများအားတစ်ဖန် ပြန်၍ ကျွန်ပြုလိုကြသည်။ ထို့ကြောင့် သူတို့သည် ဣသရေလလူမျိုးများနောက်သို့ အလျင်အမြန်လိုက်ကြလေသည်။ ဘုရားရှင်သည်ထိုသူတို့ ၏စိတ်ကိုပြောင်းလဲစေတော်မူလေသည်။ ဤသို့ပြုမူရခြင်းမှာ ‘ယေဝ’ဘုရားသည် ဖာရောဘုရင်နှင့်အီဂျစ်တွင်ရှိသော နတ်ဘုရားများအားလုံးထက် အစွမ်းထက်သည်ကို လူတိုင်းအားသိစေလိုသောကြောင့်ဖြစ်သည်။
(၁၂-၄) ဣသရေလလူမျိုးများသည် အီဂျစ်စစ်တပ်များချီတက်လာသည်ကို တွေ့မြင်သောအခါတွင် ဖာရော၏စစ်တပ်နှင့် ပင်လယ်နီကြားတွင် မိမိတို့ ပိတ်မိနေကြောင်း သတိထားမိကြလေသည်။ ၎င်းတို့အားလုံး အလွန်အမင်းကြောက်ရွံ့၍ “ကျွန်ုပ်တို့ အဘယ်ကြောင့် အီဂျစ်အား စွန့်ခွာလာကြသနည်း၊ ကျွန်ုပ်တို့အားလုံး သေဆုံးကြရတော့မည်။” ဟု ငိုကြွေးကြလေသည်။
(၁၂-၅) ‘မောရှေ’ သည် ဣသရေလလူမျိုးများအား “မကြောက်ကြပါနှင့်” “ဘုရားရှင်သည် သင်တို့အတွက် ယနေ့တိုက်ပွဲဝင်ပေးပြီး သင်တို့အား ကယ်တင်တော်မူလိမ့်မည်” ဟုဆိုလိုက်ပါသည်။ ထို့နောက် ဘုရားရှင်သည် ‘မောရှေ’ အား “လူများကို ပင်လယ်နီဖက်သို့ ဆက်သွားခိုင်းပါ” ဟုပြောကြားလေသည်။
(၁၂-၆) ထို့နောက် တိမ်တိုင်ကြီးသည် ဣသရေလလူမျိုးများနှင့် အီဂျစ်လူမျိုးများကြားသို့ ရွေ့လျားသွားပြီး ညအခါတွင် မီးရှူးတိုင်ကြီးဖြစ်သွားလေသည်။ အီဂျစ်လူမျိုးများသည် ဣသရေလလူမျိုးများထံသို့ တစ်ညလုံး မမြင်မတွေ့နိုင်ပေ။
(၁၂-၇) ထို့နောက် ဘုရားရှင်သည် ‘မောရှေ’အား ပင်လယ်ပေါ်သို့ သူ၏လက်အား ဆန့်ထုတ်စေပြီး၊လေအဟုန်ဖြင့်ပင်လယ်ရေများကို ဘယ်ညာတွန်းလိုက်ကာ ပင်လယ်ထဲတွင် လမ်းကြောင်းးတစ်ခုဖြစ်ပေါ်စေခဲ့သည်။
(၁၂-၈) ဣသရေလလူမျိုးများသည် ရေတံတိုင်းနှစ်ဖက်ကြားရှိ ခြောက်သွေ့သောကုန်းမြေပေါ်မှပင်လယ်ကို ချီတက်ကြလေသည်။
(၁၂-၉) ထို့နောက် အီဂျစ်လူမျိုးများသည် ဣသရေလလူမျိုးများ ထွက်ပြေးနေသည်ကို တွေ့မြင်ကြသဖြင့် ဣသရေလလူမျိုးများအား လိုက်လံဖမ်းဆီးကြလေတော့သည်။
(၁၂-၁၀)ထိုအခါ သူတို့သည် ဣသရေလလူမျိုးများကဲ့သို့ ပင်လယ်ပြင်ထဲရှိ လမ်းကြောင်းအတိုင်း လိုက်ကြလေသည်။ သို့သော် ဘုရားရှင်သည် အီဂျစ်လူမျိုးများ၏လှည်းများအားရုန်း၍မရအောင်ပြုလုပ်လိုက်သဖြင့်အလွန်ကြောက်ရွံ့တုန်လှုပ်သွားကြလေသည်။ သူတို့သည် “ပြေးကြဟေ့၊ ဘုရားရှင်က ဣသရေလလူမျိုးများဘက်မှနေ၍ တိုက်ခိုက်နေတယ်” ဟု အော်ဟစ်ကြလေသည်။
(၁၂-၁၁) ဣသရေလလူမျိုးအားလုံးတို့သည်ပင်လယ် တဖက်ကမ်းသို့ ရောက်ရှိသွားကြလျှင် ဘုရားရှင်သည် ‘မောရှေ’ အား ထပ်မံ၍ ရေပေါ်တွင်လက်ကို ဆန့်တန်းစေသည်။ ‘မောရှေ’ ထိုကဲ့သို့ ပြုလုပ်လိုက်သောအခါတွင်ပင်လယ်ရေများသည်ပုံမှန်အတိုင်း ပြန်ဖြစ်သွားသဖြင့် အီဂျစ်စစ်တပ်တစ်ခုလုံး ရေထဲသို့နစ်မြုပ်သွားကြလေသည်။
(၁၂-၁၂) ဣသရေလလူမျိုးများသည် အီဂျစ်လူမျိုးများသေဆုံးသွားကြသည်ကို တွေ့ရသောအခါတွင် သူတို့သည် ဘုရားရှင်အား ယုံကြည်သွားကြပြီး ‘မောရှေ’ မှာ ဘုရားရှင်၏အနာဂတ်ဟောသူပညာရှိတစ်ယောက် ဖြစ်ကြောင်းကိုလည်း ယုံကြည်သွားကြလေသည်။
(12-13)ဘုရားရှင်သည် ဣသရေလလူမျိုးတို့အားသေဘေးမှကယ်တင်တော်မူသည့်အပြင်ကျွန်ဘဝမှပါကယ်တင်ပေးခဲ့သောကြောင့်သူတို့သည်အလွန်ဝမ်းသာပျော်ရွှင်နေကြလေသည်။ ယခုအခါတွင် သူတို့သည် ဘုရားရှင်အားလွတ်လပ်စွာယုံကြည်ကိုးကွယ်ကြလေသည်။သူတို့သည်အီဂျစ်စစ်တပ်မှကယ်တင်ခဲ့သောဘုရားရှင်အားချီးမွမ်းဂုဏ်ပြုသောသီချင်းများးသီဆို၍ အောင်ပွဲခံနေကြလေသည်။
ဘုရားရှင်က ဣသရေလလူမျိုးများသည် အီဂျစ်များအားအနိုင်ယူခဲ့ပြီး ကျွန်ဘဝမှလွတ်မြောက်စေခဲ့ သော ဂုဏ်ပြုခြင်းအထိမ်းအမှတ်အနေဖြင့်ဤကဲ့သို့သော ပွဲတော်တစ်ခုနှစ်စဉ်ကျင်းပကြရန်မိန့် မှာခဲ့လေသည်။ ဤပွဲတော်အား ပသာခါပွဲတော်ဟုခေါ်၍ ပွဲတော်ကျင်းပရာတွင် ကျန်းမာသောသိုးတစ်ကောင်အား သတ်ပြီးမီးဖြင့်ကင်ကာ တဆေးမဲ့သောပေါင်မုန့်ဖြင့် စားသုံးခြင်းပြုလုပ်ရသည်။
ထွက်မြောက်ခြင်း