ဘုရားရှင်၏ ဣသရေလတို့နှင့်သဘောတူညီချက်
ဘုရားရှင်သည် ဣသရေလလူမျိုးများအား ပင်လယ်နီကိုဖြတ်ခေါ်သွားပြီးနောက် တောကန္တာရကို ဖြတ်ကာ သိနာဟုခေါ်သော တောင်သို့ခေါ်ဆောင်သွားလေသည်။ ထိုတောင်သည် မောရှေတွေ့ခဲ့ သော မီးလောင်နေသည့်ခြုံရှိသောတောင်နှင့် အတူတူပင်ဖြစ်သည်။ လူများသည် ၎င်းတို့၏တဲများအား တောင်ခြေရင်းတွင် တည်ဆောက်ကြလေသည်။
ဘုရားရှင်သည်မောရှေနှင့် ဣသရေလမှလူအားလုံးတို့အား “သင်တို့သည် ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါသည်သင်တို့နှင့်အတူပါရှိပြီးအမှုတော်ဆောင်မည်။ သင်တို့ဤကဲ့သို့လုစောင့်ထိန်းလျှင် သင်တို့သည် ငါ၏အဖိုးထိုက်တန်သော ပိုင်ဆိုင်မှုများ၊ သာသနာရေးဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် သန့်ရှင်းမြင့်မြတ်သောလူမျိုးများ ဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူလေသည်။
သုံးရက်အကြာတွင်သူတို့ထံသို့ဘုရားရှင်ကြွဆင်းတော်မူမည်ဖြစ်သောကြောင့်လူတို့သည် ဘုရားရှင်နှင့်တွေ့ဆုံရန်အတွက်အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားကြလေ သည်။ ထို့နောက် ဘုရားရှင် သိနာတောင်ထိပ်ပေါ်သို့ ကြွဆင်းတော်မူသောအခါတွင် မိုးကြိုးများ လျှပ်စီးများမီးခိုးများနှင့် ကျယ်လောင်သောတံပိုးခရာသံများဖြစ်ပေါ်လာပါသည်။ ထို့နောက် မောရှေသည် တောင်ထိပ်ပေါ်သို့ တစ်ဦးတည်းတက်သွားလေသည်။
ဘုရားရှင်သည် လူများနှင့်သဘောတူညီမှုပဋိညာဉ်တစ်ခုပြုလုပ်လေသည်။ ဘုရားရှင်က “ငါသည် သင်တို့၏ဘုရားယေဝ ဖြစ်သည်။ အီဂျစ်၌ သင်တို့အားကျွန်ဘဝမှ ကယ်တင်တော်မူခဲ့သူမှာလည်း ငါပင်ဖြစ်သဖြင့် တခြားမည်သည့်ဘုရားကိုမှ မကိုးကွယ်ပါနှင့်”ဟု မိန့်တော်မူလိုက်ပါသည်။
“ရုပ်ထုများထု၍ ကိုးကွယ်ခြင်းမပြုကြပါနှင့်၊ အဘယ်ကြောင့်ဆိုသော် ငါယေဝသည် သင်တို့၏ တစ်ဆူတည်းသော ဘုရားဖြစ်သည်။ ငါ၏နာမတော်အားအလွဲသုံးစားမပြုကြပါနှင့်။ ဥပုသ်နေ့တွင် သန့်ရှင်းမြင့်မြတ်အောင် အသေအချာစောင့်ထိန်းပါ။ တစ်နည်းအားဖြင့် သင်တို့၏အလုပ်အားလုံးအား ခြောက်ရက်လုပ်ပြီးကျန်တစ်ရက်ကိုအနားယူ၍ငါ့အားသတိရစေပါ"ဟူ၍မိန့်တော်မူလေသည်။
“သင်တို့၏ မိဘနှစ်ပါးကိုရိုသေပါ။ လူ့အသက်သတ်ခြင်းမှရှောင်ကြဉ်ပါ။ သူတစ်ပါးအိမ်ရာကိုမကျူးလွန်ပါနှင့် သူတစ်ပါးပစ္စည်းဥစ္စာခိုးယူခြင်း၊ သူတစ်ပါးအား လိမ်ညာခြင်း၊ သူတစ်ပါး၏ဇနီး၊ သူတစ်ပါး၏အိမ်နှင့် သူတစ်ပါးပိုင်ဆိုင်သမျှအရာများအား လိုချင်တပ်မက်ခြင်းမပြုပါနှင့်” ဟု မိန့်ကြားလေသည်။
ဘုရားရှင်ကဤဆယ်ပါးသောပညတ်တော်များကိုရေးသားထားသောကျောက်ပြားနှစ်ချပ်ကိုမောရှေအားပေးအပ်ခဲ့လေသည်။လူတို့လိုက်နာစောင့်ထိန်းအပ်သော အခြားသောပညတ်တော်များကိုလည်းပြဌာန်းခဲ့လေသည်။ဤပညတ်တော်များကိုလိုက်နာသောသူများအားဘုရားရှင်ကကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ပြီးကောင်းချီးမင်္ဂလာများပေးသနားမည်ဖြစ်လေသည်။သို့သော်ဘုရားရှင်၏ပညတ်တော်ကိုမလိုက်နာသောသူတို့အားအပြစ်ပေးစီရင်မည်ဟုမိန့်ကြားခဲ့လေသည်။
ဘုရားရှင်သည် ဣသရေလလူမျိုးများအား တွေ့ဆုံရာတဲတော်ဟူ၍ ကြီးမားသောတဲတစ်လုံးအား ဆောက်ခိုင်းပြီး ၎င်းတို့အား မည်ကဲ့သို့ဆောက်လုပ်ရမည်နှင့် မည်သည့်အရာများပါဝင်ရမည်ကို အသေးစိတ်တိကျစွာ မိန့်တော်မူလေသည်။ သူသည်ထိုတဲကို အခန်းနှစ်ခန်းဖြစ်သွားစေရန် အလယ်၌ လိုက်ကာကြီးတစ်ခုကို ၎င်းတို့အားကာစေသည်။ ဘုရားရှင်သည် လိုက်ကာနောက်ရှိ အခန်းထဲတွင် နေထိုင်ပြီး သာသနာရေးဆိုင်ရာမဟာနာယကများကိုသာ သူ၏အခန်းထဲသို့ ဝင်စေသည်။
တွေ့ဆုံရာတဲတော်၏အရှေ့တွင် လူများသည်ပူဇော်ရန်ယစ်ပလ္လင်တစ်ခု ဆောက်လုပ်ခဲ့ကြပြီး ဘုရားရှင်၏ ဥပဒေအား မလိုက်နာသောလူတို့သည် ထိုနေရာသို့ သက်ရှိတိရိစ္ဆာန်တစ်ကောင်အား ယူဆောင်လာရ ပါသည်။ ထို့နောက်ဘုန်းတော်ကြီးတစ်ပါးကထိုတိရိစ္ဆန်အားသတ်ပြီး ယစ်ပလ္လင်ပေါ်တွင် မီးရှို့ကာ ဘုရားရှင်အားပူဇော်ခြင်းပြုလုပ်ကြပါသည်။ ဘုရားရှင်က ထိုတိရိစ္ဆာန်၏သွေးဖြင့် ထိုလူ၏အပြစ်များအား ဖုံးအုပ်သွားလိမ့်မည်ဟု မိန့်ကြားပါသည်။ ထိုအခါဘုရားရှင်သည် ထိုလူ၏အပြစ်များကိုတွေ့မြင်တော်မမူဘဲဘဲ ဘုရားရှင်၏အမြင်တွင် သန့်စင်သောလူများဖြစ်သွားကြသည်။ ဘုရားရှင်သည် မောရှေ၏အစ်ကိုဖြစ်သူ အာရွန်နှင့် ၎င်း၏နောင်လာနောက်သားများကို သူ၏ဘာသာရေးခေါင်းဆောင်များအဖြစ် ရွေးချယ်စေသည်။
လူတို့သည်ဘုရားရှင်၏ပညတ်တော်များကိုလိုက်နာရန်သဘောတူကြလေသည်။သူတို့သည်ဘုရားရှင်ရွေးကောက်တော်မူသောလူမျိုးနွယ်စုအဖြစ်ခံယူကြပြီးဘုရားရှင်အားတစ်ဆူတည်းသောဘုရားရှင်အဖြစ်ဝတ်ပြုကိုးကွယ်ပါမည်ဟုသဘောတူကြလေသည်။
မောရှေသည် သိနာတောင်ထိပ်တွင် ရက်ပေါင်းများစွာကျန်ရစ်နေပြီး ဘုရားရှင်နှင့်စကားပြောနေခဲ့သည်။ သို့သော်လူများသည် မောရှေပြန်အလာကိုစောင့်မျှော်ရ၍ အလွန်ပင်ပန်းလာကြသည်။ ထို့ကြောင့် ၎င်းတို့သည် အာရုန်ထံသို့လာ၍ ရွှေများပေးကာ ဘုရားရှင်အစားကိုးကွယ်ရန်အတွက် ရုပ်ထုတစ်ခု သွန်းလုပ်ပေးပါဟု တောင်းဆိုကြလေသည်။ ၎င်းတို့သည် ဘုရားရှင်အား ဤနည်းဖြင့်အလွန်ဆိုးရွားစွာပြစ်မှားကျူးလွန်လိုက်ကြခြင်းဖြစ်သည်။
အာရုန်သည် ထိုရွှေရုပ်တုအား နွားငယ်သဏ္ဍာန်ပြုလုပ်လိုက်သည်။ လူများသည်ထိုရုပ်ထုအား ကြီးကျယ်စွာကိုးကွယ်ကြပြီးယစ်ပူဇော်ဆက်သမှုများပြုလုပ်ကြလေသည်။ ၎င်းတို့၏ အပြစ် များကြောင့် ဘုရားရှင်သည် လွန်စွာအမျက်ဒေါသထွက်လေသည်။ဘုရားရှင်သည် ထိုသူတို့အား ဖျက်စီးလိုခဲ့သည်။ သို့သော်မောရှေသည် ၎င်းတို့ကို မသတ်ရန် ဘုရားရှင်အား လျှောက်ထားသဖြင့် ဘုရားရှင်ကလက်ခံတော်မူပြီးထိုလူများအား မဖျက်ဆီးခဲ့ပေ။
မောရှေသည် သိနာတောင်ပေါ်မှဆင်းလာသောအခါတွင် ဘုရားရှင်ရေးသားထားသော ပညတ်တော် ဆယ်ပါးပါဝင်သည့် ကျောက်စာနှစ်ချပ်အား သယ်ဆောင်လာသည်။ မောရှေသည် ထိုရုပ်ထုအား တွေ့သောအခါ အလွန်အမင်းဒေါသထွက်၍ ကျောက်စာများအား ထုချေလိုက်လေသည်။
မောရှေသည်ထိုရုပ်ထုအား အလုံးစုံအမှုန့်ချေပစ်လိုက်လေသည်။ ၎င်းနောက် ထိုအမှုန့်များ အားအရည်ဖျော်၍ထိုလူတို့အားသောက်စေသည်။ ဘုရားရှင်သည် ထိုသူများပေါ်တွင် ကပ်ဆိုးတစ်ခုကျရောက်စေကာ များစွာသောလူများ သေကြေသွားကြလေသည်။
မောရှေသည် ၎င်းဖျက်ဆီးလိုက်သော ပညတ်တော်ဆယ်ပါး ကျောက်စာအတွက် အစားထိုးရန် ကျောက်စာနှစ်ချပ် ဖန်တီးလိုက်သည်။ ထို့နောက်၎င်းသည် တောင်ပေါ်သို့ထပ်မံတက်သွားပြီး ထိုလူများအား ခွင့်လွှတ်ပေးရန် ထပ်မံဆုတောင်းလေသည်။ ဘုရားရှင်သည် မောရှေစကားအား နားထောင်ပြီးလျှင်၎င်းတို့အားခွင့်လွှတ်လိုက်လေသည်။ မောရှေသည်တောင်အောက်သို့ ပညတ်တော် ဆယ်ပါးပါဝင်သော ကျောက်စာချပ်အသစ်များနှင့် တောင်အောက်သို့ဆင်းလာလေသည်။ ထို့နောက် ဘုရားရှင်သည် ဣသရေလလူမျိုးများကို သိနာတောင်မှကတိပေးထားသောနေရာသို့ ဦးဆောင်လမ်းပြတော်မူလေသည်။
__