ရှေ့ဖြစ်ဟောပညာရှိများ
ဣသရေလလူမျိုးများထံသို့ ဘုရားရှင်သည် ရှေ့ဖြစ်ဟောပညာရှိများကို အမြဲတမ်းစေလွှတ်လေသည်။ ရှေ့ဖြစ်ဟောပညာရှိများက ဘုရားရှင်၏ သတင်းစကားများကို ကြားနာပြီး လူထုအားဟောပြောလေသည်။
ဣသရေလတွင် အာဟတ် ဘုရင်ဖြစ်နေစဉ်အခါက ဧလိယ သည် ရှေ့ဖြစ်ဟော ပညာရှိတစ်ဦးဖြစ်ပြီး အာဟတ် ဘုရင်သည် ဆိုးရွားသောသူတစ်ဦးဖြစ်ပါသည်။ သူသည် လူထုအား ဗာလ ဟုခေါ်သည့် ဘုရားအတုအား ကိုးကွယ်ကြစေရန် ကြိုးပမ်းသဖြင့် ဧလိယ ကဘုရားရှင်သည် လူတို့အား အပြစ်ပေးတော့မည်ဟု ပြောကြားလေသည်။ သူက “ကျွန်ုပ် မိုးပြန်လည် ရွာသွန်းလိမ့်မည်ဟု မပြောမချင်း ဣသရေလ၏နန်းတော်တွင် မိုးများနှင့်မြူနှင်းများကျရောက်လိမ့်မည်မဟုတ်” ဟု ပြောကြားလေသည်။ ထိုကြောင့် အာဟတ် သည် အလွန်အမင်းဒေါသထွက်ပြီး ဧလိယ အားသတ်ရန် ဆုံးဖြတ်ချက်ချလေသည်။
ထို့ကြောင့် ဘုရားရှင်က ဧလိယ အား အာဟတ် မတွေ့မြင်စေရန် တောကန္တာရထဲသို့ စေလွှတ်လိုက်သည်။ ဧလိယ သည် ဘုရားရှင် ညွှန်ပြလိုက်သော တောကန္တာရထဲရှိ စမ်းချောင်းတစ်ခုသို့ သွားလေသည်။ မနက်နှင့်ညနေတိုင်းတွင် ငှက်များက ဧလိယ အား ပေါင်မုန့်နှင့်အသားများ ယူလာပေးလေသည်။ အာဟတ် နှင့် သူ၏စစ်တပ်သည် ဧလိယ အား လိုက်လံရှာဖွေကြသော်လည်း တွေ့မြင်ခြင်းမရှိခဲ့ပေ။
အချိန်ကြာမြင့််သောအခါတွင် မိုးရွာသွန်းခြင်းမရှိသောကြောင့် စမ်းရေများခမ်းခြောက်သွားကြလေသည်။ ထိုသို့သောအခါတွင် ဧလိယသည် အနီးအနားရှိတိုင်းပြည်တစ်ခုသို့ သွားလေသည်။ ထိုနိုင်ငံတွင် ဆင်းရဲသော မုဆိုးမတစ်ဦးနှင့် သူမ၏သားတို့နေထိုင်လေသည်။ သူတို့တွင် လယ်ယာများမဖြစ်ထွန်းသောကြောင့် အစာရေစာများပြတ်လုနီးပါး ဖြစ်နေလေသည်။ ဤကဲ့သို့ဖြစ်နေ သော်လည်း ထိုမိန်းမသည် ဧလိယ အား ဂရုစိုက်ပေးသောကြောင့် ဘုရားရှင်သည် သူမနှင့်သူမ၏ သားအား ကူညီစောင့်ရှောက်ပေးလေသည်။ သူမ၏ ဂျုံဗူးနှင့် ဆီပုလင်းသည် မည်သည့်အခါမှကုန်ခမ်းသွားခြင်းမရှိဘဲ အငတ်ဘေးကျရောက်သည့် တစ်ချိန်လုံးတွင် သူတို့၌အစားအသောက်များ ပြတ်လပ်ခြင်းမရှိခဲ့ပေ။ ဧလိယ သည် ထိုနေရာတွင် သုံးနှစ်ခန့်နေထိုင်ခဲ့လေသည်။
သုံးနှစ်ခွဲခန့်ကြာသောအချိန်တွင် ဘုရားရှင်က ဧလိယ အား မိုးရွာအောင်ပြုလုပ်တော့မည်ဟု ပြောကြားလေသည်။ ဧလိယ အား ဣသရေလသို့ပြန်ပြီး အာဟတ် နှင့် စကားပြောကြားစေသဖြင့် ဧလိယသည် အာဟတ် ထံသို့ သွားလေသည်။ အာဟတ် သည် ၎င်းအားတွေ့မြင်သောအခါ “ဪ မင်းက ဒီမှာကိုး၊ မင်းဟာတော်တော်ဒုက္ခပေးတဲ့ကောင်ပဲ” ဟု ပြောကြားလေသည်။ ဧလိယ က၎င်းအား “သင်ကမှ ပြဿနာကောင်၊ သင်သည် ယေဝါ အား ပစ်ပယ်ထားသည်။ သူသည်သာလျင် စစ်မှန်သောဘုရားဖြစ်သည်။ သို့သော် သင်သည်ဘုရားအတုအယောင် ဗာလ ကိုသာ ကိုးကွယ်ခြင်းပြုလုပ်လေသည်။ ယခုအခါတွင် သင်သည် ဣသရေလ နန်းတော်အတွင်းရှိ လူများအား ကရမေလ တောင်သို့ ခေါ်ဆောင်လာရတော့မည်ဖြစ်သည်” ဟု ပြောကြားလေသည်။
ထိုအခါ ဣသရေလနန်းတော်ထဲတွင်ရှိသော လူအားလုံးသည် ကရမေလတောင်သို့ သွားကြသောအခါဘုရားအတုအယောင်ဗာလ ၏သတင်းစကားအား ပြောကြားသူတမန်တော်များလည်း လိုက်ပါလာလေသည်။ ဤသူများသည် ဗာလ ၏ရှေ့ဖြစ်ဟောပညာရှိများဖြစ်ပြီး လူပေါင်းလေးရာငါးဆယ်ခန့်မျှရှိသည်။ ဧလိယ သည်ထိုလူများအား “ဘယ်လိုကြောင့် သင်တို့၏စိတ်များ မကြာခဏပြောင်းလဲနေကြရသနည်း၊ ယေဝါ သည် ဘုရားဖြစ်လျှင် ယေဝါ အားကိုးကွယ်ပြီး ဗာလ က ဘုရားဖြစ်လျှင်လည်း ဗာလ အား ကိုးကွယ်ပါ” ဟုပြောလေသည်။
ထို့နောက် ဧလိယ သည် ဗာလ ၏ ရှေ့ဖြစ်ဟောပညာရှိများအား “ကျွဲတစ်ကောင်အားသတ်ပြီး အသားအားအပိုင်းပိုင်းဖြတ်ကာ ယဇ်ပလ္လင်ပေါ် ပူဇော်ရန်တင်လိုက်ပါ။ သို့သော် မီးမရှို့ပါနှင့်၊ ပြီးလျှင် ကျွန်ုပ်လည်း အခြားယဇ်ပလ္လင်ပေါ်တွင် ထိုနည်းအတိုင်း လုပ်ဆောင်ပါမည်။ ဘုရားရှင်က ယဇ်ပလ္လင်ပေါ်သို့ မီးလောင်စေလျှင် သူသည် ဘုရားအစစ်ဆိုသည်ကိုသင်တို့သိလိမ့်မည်” ဟု ပြောကြားလိုက်လေသည်။ ထို့ကြောင့် ဗာလ ၏ရှေ့ဖြစ်ဟောပညာရှိများသည် ပူဇော်ရန်ပြင်ဆင်ပြီး မီးမထွန်းဘဲနေလေသည်။
ထို့နောက် ဗာလ ၏ရှေ့ဖြစ်ဟောပညာရှိများက ဗာလ ထံသို့ “ကျွန်ုပ်တို့အား သိကြားစေတော်မူပါ” ဟု ဆုတောင်းကြလေသည်။ ၎င်းတို့သည် တစ်ရက်လုံးအော်ဟစ်ဆုတောင်းခြင်း ၎င်းတို့၏ ခန္ဒာကိုယ်များအား ဓါးဖြင့်လှီးခြင်းများဖြင့် တစ်ရက်လုံးဆုတောင်းကြသော်လည်း ဗာလ သည် ပြန်လည် ဖြေကြားခြင်းမရှိဘဲ မည်သည့်မီးမှ စေလွှတ်ခြင်းမရှိချေ။
ဗာလ ၏ရှေ့ဖြစ်ဟောပညာရှိများသည် ဗာလ အားဆုတောင်းခြင်းဖြင့် တစ်ရက်လုံး ကုန်ဆုံးစေပြီး နောက်ဆုံးတွင် ဆုတောင်းမှုများအား ရပ်တန့်လိုက်လေသည်။ ထို့နောက် ဧလိယ သည် နောက်ထပ် ကျွဲတစ်ကောင်၏ အသားအား ဘုရားရှင်၏ ယဇ်ပလ္လင်ပေါ်သို့ တင်လိုက်ပြီး လူထုအားရေအိုးကြီးဆယ့်နှစ်အိုးအား ယူဆောင်စေ၍ အသားများနှင့် ယဇ်ပလ္လင်၏ မြေကြီးများပါမကျန် စိုရွှဲသွားစေအောင် လောင်းချခိုင်းလေသည်။
ထို့နောက် ဧလိယ သည် “ယေဝါ၊ အာဗြဟံ၏ဘုရား၊ ဣဇာက်နှင့်ယာကုပ်၊ သင်တို့သည် ဣသရေလ၏ ဘုရားရှင်ဖြစ်ပြီး ကျွန်ုပ်သည် သင်တို့၏ကျေးကျွန်ဖြစ်သည်ကို ကျွန်ုပ်တို့အား ယနေ့ပင်ပြသပါ။ ဤလူများကိုလည်း သင်သည်ဘုရားရှင်အစစ်ဖြစ်ကြောင်းကို ကျွန်ုပ်အားဖြေကြားတော်မူပါ” ဟု ဆုတောင်းခဲ့လေသည်။
ချက်ချင်းပင် ကောင်းကင်မှမီးများကျလာပြီး အသားများ၊သစ်သားများ၊ ကျောက်တုန်းများ၊ မြေကြီးနှင့် ယဇ်ပလ္လင်ဘေးတွင် ရှိသောရေများပင် လောင်ကျွမ်းစေသဖြင့် လူများသည် မြေကြီးပေါ်တွင် ဝပ်တွားပြီး “ယေဝါသည် ဘုရားဖြစ်သည်။ ယေဝါ သည် ဘုရားဖြစ်သည်” ဟု ပြောကြားကြလေသည်။
ထို့နောက် ဧလိယ သည် “ဗာလ ၏မည်သည့်ရှေ့ဖြစ်ဟောပညာရှိကိုမှ အလွတ်ပေးခြင်းမရှိစေနှင့်” ဟု ပြောကြားလိုက်လေသည်။ ထိုအခါတွင် လူအများသည် ဗာလ ၏ရှေ့ဖြစ်ဟောပညာရှိများအား ဖမ်းဆီးကာ အဝေးသို့ခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်လေသည်။
ထို့နောက် ဧလိယ သည် ဘုရင် အာဟတ် အား “မိုးရွာတော့မည်ဖြစ်သောကြောင့် သင်၏အိမ်သို့ချက်ခြင်းပြန်ပါ” ဟုပြောကြားလိုက်လေသည်။ ထို့နောက်တွင် မိုးကောင်းကင်သည် မှောင်မဲလာပြီး မိုးများသည်းထန်စွာ ရွာသွန်းလေတော့သည်။ ယေဝါ သည်မိုးခေါင်နေခြင်းအား ရပ်တန့်ပြီး သူသည် ဘုရားရှင်အစစ်ဖြစ်ကြောင်းကိုလည်း ပြသလိုက်လေသည်။
ဧလိယ၏အလုပ်ပြီးစီးသွားသောအခါတွင် ဘုရားရှင်သည် ဧလိရှဲ ဟုခေါ်သောလူတစ်ဦးအား ရှေ့ဖြစ်ဟောပညာရှိအဖြစ် ရွေးချယ်ပြီး ဧလိရှဲ မှတစ်ဆင့် ထူးဆန်းအံ့ဩဖွယ်ရာများကို ပြုလုပ်လေသည်။ ထိုအံ့ဩဖွယ်များမှ တစ်ခုအား နေမန် ဟူသော လူတစ်ဦးပေါ်သို့ သက်ရောက်သွားလေသည်။ သူသည် ရန်သူ့တပ်၏ စစ်ဗိုလ်မှူးတစ်ယောက်ဖြစ်သော်လည်း သူ့တွင်ဆိုးရွားသောအရေပြားရောဂါဖြစ်နေလေ သည်။ နေမန် သည် ဧလိရှဲ အကြောင်းကြားသောကြောင့် သူ့ထံသို့ ဆေးကုသရန်သွားရောက်အကူအညီ တောင်းလေသည်။ ဧလိရှဲသည် နေမန် အားယောဒန်မြို့သို့ သွားပြီး ရေတွင်ခုနှစ်ခါနှစ်စေသည်။
ဤကဲ့သို့ ပြောခြင်းဖြင့် အရူးလုပ်သည်ဟုထင်သောကြောင့် နေမန်သည် ဧလိရှဲအား ဒေါသထွက်လေသည်။ သို့သော် နောက်ပိုင်းတွင် စိတ်ပြောင်းလဲသွားပြီး သူသည် ယောဒန်မြစ်သို့သွား၍ ရေထဲတွင် ခုနှစ်ခါ စိမ်လိုက်လေသည်။ သူသည် နောက်ဆုံးအကြိမ်ရေမှ ပြန်ပေါ်သောအခါတွင် ဘုရားရှင်က ဆေးကုသပေးလိုက်လေသည်။
ဘုရားရှင်သည် ရှေ့ဖြစ်ဟောပညာရှိများစွာကိုလည်း ဣသရေလရှိ လူများထံသို့ စေလွှတ်လိုက်လေသည်။ သူတို့အားလုံးသည် လူများအားရုပ်ထုများကိုးကွယ်နေခြင်းအား ရပ်တန့်ရန်ပြောကြားကြပြီး လူများသည် ရုပ်တုများကိုးကွယ်နေမည့်အစား အချင်းချင်းမျှတစွာ ဆက်ဆံပြီး သနားကြင်နာမှုရှိကြရန် ပြောကြားလေသည်။ လူများသည် မကောင်းမှုများလုပ်ဆောင်နေခြင်းအစား ဘုရားရှင်အား ကိုးကွယ်ဆည်းကပ်၍ လိုက်နာကြရန် ပြောကြားလေသည်။ လူများက ဤကဲ့သို့ လိုက်နာခြင်းမရှိလျင် ဘုရားရှင်က အပြစ်ရှိသည်ဟု မှတ်ယူပြီး သူ၏အပြစ်ပေးခြင်းကို ခံကြရလိမ့်မည်ဖြစ်သည်။
များသောအားဖြင့် လူများသည် ဘုရားရှင်၏စကားအား မလိုက်နာကြပေ။ သူတို့သည် ဘုရားရှင်၏ ရှေ့ဖြစ်ဟောပညာရှိများအား ကောင်းမွန်စွာဆက်ဆံခြင်းမရှိကြသည့်အပြင် တစ်ခါတစ်ရံ သတ်ဖြတ်ခြင်းပင်ပြလုပ်ကြသည်။ တစ်ခါက ယေရမိ ဟုခေါ်သော ရှေ့ဖြစ်ဟောပညာရှိတစ်ဦးအား ရေတွင်းပျက်ထဲတွင် ပစ်ထား၍ သေစေခဲ့သဖြင့် သူသည် ရေတွင်း၏အောက်ခြေရှိ နွံထဲသို့နစ်သွားလေသည်။ သို့သော်ဘုရင်သည် ယေရမိ ပေါ်တွင် သနားညှာတာမှုဖြစ်ပေါ်လာသဖြင့် ၎င်း၏ကျေးကျွန်များအား ရေတွင်းပေါ်သို့ ဆယ်တင်ကာကယ်တင်လိုက်စေသည်။
ရှေ့ဖြစ်ဟောပညာရှိများသည်လူအများက သူတို့အပေါ်တွင် မုန်းတီးကြသော်လည်း ဘုရားရှင်၏မိန့်ကြား ချက်များအား ဆက်လက်ပြောကြားကြလေသည်။ သူတို့သည် လူများအား နောင်တမရလျှင် ဘုရားရှင်က သူတို့အား ဖျက်ဆီးတော့မည်ဟု သတိပေးပြောကြားပြီး ဘုရားရှင်သည် လူများအား မေရှိယ ထံသို့ခေါ်ဆောင်သွားမည်ဟူ၍လည်း ပြန်လည်ကတိပေးလေသည်။
__