၃၆။ သဏ္ဌာန်ပြောင်းလဲခြင်း
တစ်နေ့မှာ အရှင်ယေရှုက ပေတရု၊ ယာကုပ်နဲ့ ယောဟန်လို့ခေါ်တဲ့ တပည့်တော်သုံးယောက်နဲ့ မြင့်တဲ့ တောင်ပေါ်ကို ဆုတောင်းဖို့ တက်သွားကြတယ်။ (အရှင်ယေရှုကို ဗတ္တိဇံ ပေးတဲ့ ယောဟန် မဟုတ်ဘူး အခြား ယောဟန် တစ်ယောက်ဖြစ်တယ်။)
ယေရှုရဲ့ မျက်နှာဟာ ဆုတောင်းတဲ့အခါ နေရောင်လို လင်းလက်ပြီး ဝတ်ရုံတော်ဟာ အလင်းရောင်လို ဖြူဝင်းလာတယ်။ အဲဒီလောက် ဖြူဖွေးတောက်ပနေအောင် ဘယ်သူမှ မလုပ်နိုင်ဘူး။
အဲဒီနောက် မောရှေနဲ့ ဘုရားစကားပြောပေးတဲ့သူ ဧလိယတို့ဟာ ပေါ်လာပြီး၊ အရှင်ယေရှုနဲ့အတူ စကားပြောကြတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက အသက်ရှင်ခဲ့သူတွေ ဖြစ်ကြတယ်။ သူတို့ဟာ မကြာမီ ယေရုရှလင်မြို့မှာ ဖြစ်ပျက်မဲ့ အရှင်ယေရှုအသေခံမဲ့ အကြောင်းကို ပြောခဲ့ကြတယ်။
မောရှေ၊ ဧလိယနဲ့ အရှင်ယေရှုတို့ စကားပြောနေတာကို ပေတရုက ကြည့်ပြီး နှစ်သက်တာကြောင့် “ဒီနေရာမှာ နေဖို့ကောင်းပါတယ်။ အလိုတော်ရှိရင် အရှင့်အဖို့ တဲတစ်ဆောင်၊ မောရှေအဖို့ တစ်ဆောင်နဲ့ ဧလိယအဖို့ တစ်ဆောင်စီ တဲသုံးဆောင်ကို ကျွန်တော်တို့ ဆောက်လုပ်ပါမယ်” လို့ ပြောတယ်။ ပေတရုဟာ သူကိုယ်တိုင်ပဲ ဘယ်လို ပြောခဲ့တယ်ဆိုတာကို မသိဘူး။
အဲဒီလို ပေတရုက ပြောနေတဲ့အခါမှာ လင်းလက်တဲ့ မိုးတိမ်တွေဟာ ဆင်းသက်လာပြီး တပည့်တော် တွေကို ဝန်းရံပြီးတော့ “ဒီသူဟာ ငါနှစ်သက်တဲ့ ငါ့ရဲ့ ချစ်သားပဲ ဖြစ်တယ်။ သူ့စကားကို နားထောင်ကြ” လို့ မိုးတိမ်ထဲက အသံ ထွက်လာတယ်။ အဲဒီအခါ တပည့်တော်တို့ဟာ ကြောက်ပြီး မြေပေါ်မှာ လဲကျကုန်တယ်။
အဲဒီနောက် ယေရှုက တပည့်တော်တွေကို လက်နဲ့ တို့ပြီး “မကြောက်ကြနဲ့၊ ထတော့” လို့ပြောတယ်။ တပည့်တော်တွေဟာ ကြည့်ကြတဲ့အခါ အရှင်ယေရှုကလွဲလို့ ဘယ်သူ့ကိုမှ မတွေ့ ကြတော့ဘူး။
အရှင်ယေရှုနဲ့ တပည့်တော်သုံးယောက်တို့ဟာ တောင်ပေါ်က ဆင်းလာခဲ့ကြတယ်။ အဲဒီနောက် အရှင်ယေရှုက “မကြာခင် ငါဟာ သေခြင်းတရားကို ရင်ဆိုင်ရမယ်။ သေတာကနေ ပြန်မရှင်ခင်တိုင်အောင် မင်းတို့ဟာ ဒီနေရာမှာမြင်တွေ့ခဲ့ရတဲ့ဟာတွေကို ဘယ်သူ့ကိုမှ မပြောကြနဲ့” လို့ မှာထားခဲ့တယ်။
အခြေပြုကျမ်းညွှန်း - ရှင်မဿဲ ၁၇:၁-၉၊ ရှင်မာကု ၉:၂-၈၊ ၉:၂၈-၃၆။