၅၀။ ခရစ်တော်ပြန်လည်ကြွလာခြင်း
နှစ်ပေါင်း နှစ်ထောင်ကြာခဲ့ပြီ။ ကမ္ဘာပေါ်မှာရှိကြတဲ့ လူတွေက မေရှိယကယ်တင်ရှင်ကြောင်း သတင်းကောင်းကို ကြားခဲ့ကြပြီ။ အသင်းတော်လည်း ကြီးထွားလာခဲ့ပြီ။ နောက်ဆုံးနေ့ရက်မှာ ခရစ်တော်ဟာ သူပြန်ကြွလာမယ် ဆိုတာကိုလည်း ကတိပေးခဲ့တယ်။ အခုအချိန်မှာ မကြွလာသေးပေမဲ့ သူ့ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်။
ခရစ်တော်ကြွလာမဲ့အချိန်ကို စောင့်နေတဲ့ အချိန်အတောအတွင်း ခရစ်တော်ဟာ ကျွန်တော်တို့ကို ဖြူစင်တဲ့ အသက်တာနဲ့ သူ့ကို ကြည်ညိုဂုဏ်ပြု စေချင်တယ်။ သူ့ရဲ့ နိုင်ငံတော်အကြောင်းကိုလည်း အခြားလူတွေကို ပြောပြစေလိုတယ်။ ခရစ်တော်ဒီလောကမှာ အသက်ရှင်တဲ့အခါ သူ့ရဲ့တပည့်တော်တွေကို နေရာဒေသအသီးသီးဆီရောက်အောင်သွားပြီး လူတွေကို ဘုရားရဲ့ နိုင်ငံတော်အကြောင်း သတင်းကောင်း ဟောပြောခိုင်းတယ်။ နေရာတိုင်းကို ဟောပြောလို့ပြီးတဲ့ နောက်မှာတော့ သူကြွလာမယ် ဆိုပြီးပြောခဲ့ပါတယ်။
ခရစ်တော်အကြောင်းကိုမကြားရသေးတဲ့ လူတွေအများကြီး ရှိသေးတယ်။ ခရစ်တော်ကောင်းကင်ကို ပြန်မကြွခင်က သူ့ရဲ့ တပည့်တွေကို သူ့ရဲ့ သတင်းစကားကို ဟောပြောဖို့အတွက် မှာကြားခဲ့တယ်။ ‘သွားပြီးတော့ လူမျိုးအားလုံးကို ငါ့တပည့်ဖြစ်စေပါ။ ရိတ်သိမ်းဖို့အတွက် စပါးတွေ ဝင်းမှည့်နေပြီလို့ပြောလိုက်တယ်။’
ခရစ်တော်ပြောတာက ‘အစေခံတစ်ယောက်ဟာ သူ့သခင်ထက်မကြီးမြတ်ဘူး။ လောကမှာ အခွင့်အာဏာရှိတဲ့လူတွေဟာ ငါ့ကို မုန်းသလိုမျိုးပဲ သင်တို့ကိုလည်း ငါ့ကြောင့် ညှင်းပန်းနှိပ်စက်မယ်။ ငါ့ကြောင့် သင်တို့ကိုသတ်ကြလိမ့်မယ်။ သင်တို့ဟာ ဒီလောကမှာ ဆင်းရဲ ဒုက္ခခံရပေမဲ့ ငါဟာ ဒီလောကကို အုပ်ချုပ်တဲ့ စာတန်ကို အနိုင်ရပြီ။ အဲ့ဒါကို သိရင် သင်တို့ နှစ်သိမ့်ရာရမယ်။ အဆုံးအထိ သစ္စာရှိကြပါ။ ဘုရားသခင်ဟာ သင်တို့ကို ကယ်တင်လိမ့်မယ်။’
ဒီကမ္ဘာလောကရဲ့နောက်ဆုံးအချိန်ကို ရောက်လာတဲ့အခါမှာ လူတွေဟာ ဘယ်လိုတွေဖြစ်ကြမလဲ ဆိုတဲ့ အကြောင်းအရာကို ခရစ်တော်က ဥပမာပေးပြီး ဒီလိုပြောပြခဲ့တယ်။ ‘လူတစ်ယောက်ဟာ လယ်ကွင်းထဲမှာ ကောင်းတဲ့ မျိုးစေ့ကို ကြဲလိုက်တယ်။ သူအိပ်ပျော်သွားတဲ့အခါမှာ သူ့ရဲ့ ရန်သူကလာပြီးတော့ သူမျိုးစေ့ကြဲခဲ့တဲ့ နေရာမှာပဲ ပေါင်းပင်ကို ကြဲပြီး ထွက်သွားတယ်။
အပင်ပေါက်လာတဲ့အခါမှာ သူ့ရဲ့ အလုပ်သမားတယောက်က ‘သခင် သခင်က ကောင်းတဲ့ အစေ့ကို လယ်ကွင်းထဲမှာ ကြဲခဲ့တာပဲ။ ဘာဖြစ်လို့ လယ်ထဲမှာ ပေါင်းပင်တွေလာပေါက်ရတာလဲ’လို့မေးလိုက်တယ်။ သူ့သခင်က ‘အဲ့ဒီပေါင်းပင်ကို ပေါက်အောင် ငါ့ရန်သူက လာပြီး ကြဲခဲ့တာဖြစ်မယ်’ လို့ ပြန်ဖြေတယ်။
သူ့အလုပ်သမားက ‘ဒါဆိုဒီပေါင်းပင်တွေကို နုတ်ပစ်လိုက်ရမလား’ လို့မေးတဲ့အခါ ‘ဒီလိုလုပ်လို့မဖြစ်ဘူး။ ကောင်းတဲ့ ဂျုံတွေပါ ပါသွားမှာစိုးရတယ်။ ရိတ်သိမ်းတဲ့အခါကျမှ ပေါင်းပင်တွေကို စုပြီး မီးလျှို့မယ်။ ကောင်းတဲ့ဂျုံစပါးကိုတော့ စပါးကျီထဲစုသိမ်းလိုက်မယ်။
တပည့်တော်တွေဟာ ယေရှုပြောတဲ့ ပုံဥပမာရဲ့အဓိပ္ပာယ်ကို နားမလည်ကြဘူး။ ဒါကြောင့် ခရစ်တော်ကို သူတို့ ရှင်းပြခိုင်း လိုက်တယ်။ ယေရှုက ‘ကောင်းတဲ့မျိုးစေ့ကို ကြဲတဲ့လူဟာ မေရှိယကို ကိုယ်စားပြုတယ်။ လယ်ကွင်းကျတော့ လောကကို ကိုယ်စားပြုတယ်။ ကောင်းတဲ့မျိုးစေ့ဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာရှိတဲ့ လူတွေကို ကိုယ်စားပြုတယ်’ဆိုပြီးရှင်းပြတယ်။
‘ပေါင်းပင်ဟာ စာတန်ရဲ့ လူတွေကို ရည်ညွှန်းတာဖြစ်တယ်။ ပေါင်းပင်ကို စိုက်တဲ့သူကတော့ စာတန်မာနတ်ဖြစ်တယ်။ ရိတ်သိမ်းခြင်းကတော ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်ကို ဆိုလိုတယ်။ ရိတ်သိမ်းသူကတော့ ကောင်းကင်တမန်တွေကို ရည်ညွန်းတာဖြစ်တယ်။
ဒီကမ္ဘာကြီးနောက်ဆုံးအချိန်ကို ရောက်ရင် စာတန်နဲ့ဆိုင်တဲ့ လူတွေအားလုံးကို စုပြီးတော့ ပူပြင်းတဲ့ငရဲမီးထဲကို ချပစ်မှာဖြစ်ပြီး ငရဲမီးထဲမှာ ဆိုးရွားတဲ့ နာကျင်ခြင်း ဝေဒနာနဲ့ ငိုကြွေးရကြမယ်။ ဖြောင့်မတ်တဲ့လူကတော့ အဖဘုရားသခင်ရဲ့ နိုင်ငံတော်မှာ နေလိုထွန်းလင်းတောက်ပမယ်။
ခရစ်တော်ဟာ ဒီကမ္ဘာလောကမပျက်စီးခင် ကြွလာမှာဖြစ်တယ်။ သူပထမအကြိမ်ကြွလာခဲ့တုန်းက လူသားပုံစံနဲ့ ကြွလာသလိုမျိုးပဲ တိမ်တွေကြားထဲမှာ သူဟာ ရုပ်ခန္ဓာနဲ့ ကြွလာမှာဖြစ်တယ်။ သူကြွလာတဲ့အခါ သေသွားတဲ့ ယုံကြည်သူတွေဟာ ပြန်ရှင်ပြန်ထမြောက်လာပြီး သူနဲ့ မိုးကောင်းကင်မှာ တွေ့ဆုံကြမှာဖြစ်တယ်။
ခရစ်တော်ကြွလာတဲ့ အချိန်အထိ အသက်ရှင်ကြတဲ့ ခရစ်ယာန်တွေဟာ မိုးတိမ်ထဲကို တက်သွားပြီး သေခြင်းကနေ ထမြောက်လာတဲ့ ခရစ်ယာန်တွေနဲ့အတူ ဆုံဆည်းကြမယ်။ ပြီးတော့ ခရစ်တော်ဟာ သူ့လူတွေနဲ့အတူ စုံလင်တဲ့ ငြိမ်သက်ခြင်းအပြင် ထာဝရစည်းလုံးညီညွတ်စွာ နေထိုင်သွားလိမ့်မယ်။
ခရစ်တော်ဟာသူ့ကို ယုံကြည်တဲ့လူတွေအားလုံကို သူက အသက်သရဖူပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်။ သူတို့ဟာ ဘုရားသခင်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ထာဝရအုပ်စိုးကြလိမ့်မယ်။
ခရစ်တော်ကို မယုံကြည်တဲ့ လူတွေအားလုံးကိုတော့ ဘုရားကတရားစီရင်မယ်။ သူတို့ဟာ သောကဝေဒနာကို ခံစားရပြီး ထာဝရနာကျင်ခြင်းဖြစ်တဲ့ ငရဲမီးထဲကို ချပစ်မှာ ဖြစ်တယ်။ ငရဲမီးထဲမှာ လောင်ကျွမ်းပြီးတော့ ပိုးကောင်တွေကလည်း သူတို့ကို စဉ်ဆက်မပြတ် ကိုက်စားမှာဖြစ်တယ်။
ခရစ်တော်ပြန်ကြွလာတဲ့အချိန်မှာ သူဟာ စာတန်ရဲ့ နိုင်ငံတော်ကို အပြီး အပိုင် ဖျက်ဆီးမယ်။ ပြီးတော့ အဲ့ဒီစာတန်ကိုလည်း ဘုရားစကားနားမထောင်တဲ့သူတွေနဲ့အတူ ထာဝရလောင်ကျွမ်းတဲ့ ငရဲမီးထဲကို ထာဝရလောင်ကျွမ်းခံရအောင် ချပစ်မှာ ဖြစ်တယ်။
အာဒံနဲ့ ဧဝဟာ ဘုရားသခင်ရဲ့ စကားကို မနာခံခဲ့တဲ့အတွက်ကြောင့် ဒီလောကကြီးထဲ အပြစ်ကို ယူဆောင်လာခဲ့တယ်။ ဘုရားသခင်ဟာ ဒီလောကကို ဆိုးတဲ့အရာဖြစ်စေမယ်။ နောက်ဆုံးဖျက်ဆီးပစ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာတစ်နေ့ကျရင် ပြီးပြည့်စုံတဲ့ ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ဖန်ဆင်းမှာဖြစ်တယ်။
ခရစ်တော်နဲ့ သူ့ရဲ့ လူတွေဟာ အဲ့ဒီ ကမ္ဘာသစ်မှာ နေထိုင်ကြမယ်။ ကမ္ဘာသစ်မှာ ရှိတဲ့ အရာတွေအားလုံးကို သူက အုပ်ချုပ်မယ်။ မျက်ရည်တွေကို သုတ်ပေးမယ်။ ဒုက္ခဝေဒနာဆိုတာလည်းမရှိ၊ ဝမ်းနည်းခြင်းလည်းမရှိ၊ ငိုကြွေးခြင်းလည်းမရှိ၊ သေခြင်းဆိုတာလည်း မရှိတော့ဘူး။ ယေရှုဟာ သူ့ရဲ့ နိုင်ငံတော်ကို ထာဝရကာလအဆက်ဆက် ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းအပြည့်နဲ့ အုပ်ချုပ်မှာ ဖြစ်တယ်။
အခြေပြုကျမ်းညွှန်း - _ မဿဲ ၁၃: ၂၄-၃၀၊ ၃၆၊ ၄၂၊ ၂၂: ၁၃၊ ၂၄: ၁၄၊ ၂၈: ၁၈၊ ယောဟန် ၁၅: ၂၀၊ ၁၆: ၃၃၊ ဗျာဒိတ် ၂: ၁၀၊ ၁သက် ၄: ၁၃၊ ၅: ၁၁၊ ယာကုပ် ၁: ၁၂၊ ဗျာဒိတ် ၂၀: ၂၀၊ ၂၁: ၁-၂၂: ၂၁_