၄၇။ ဖိလိပ္ပိုမြို့မှ ပေါလု နှင့် သိလ
ရှောလုဟာရောမအင်ပါယာတစ်လျှောက်ခရီးသွားတဲ့အခါမှာသူ့နာမည်ကို ရောမစကားနဲ့ ပေါလုလို့ စတင်သုံးလာတယ်။ တစ်နေ့မှာတော့ ပေါလုဟာ သူ့ရဲ့မိတ်ဆွေသိလနဲ့အတူသခင်ယေရှုရဲ့ သတင်းကောင်း ကို ဟောပြောဖို့အတွက် ဖိလိပ္ပိမြို့ကို ထွက်ခွာခဲ့ကြတယ်။ သူတို့ဟာ မြို့ပြင်မြစ်ကမ်းနံဘေးလူစုဝေးတဲ့နေရာကို ဆုတောင်းဖို့အတွက် သွားခဲ့ကြတယ်။ အဲ့နေရာမှာ ကုန်သည် အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ လုဒိနဲ့ တွေ့ဆုံခဲ့ကြတယ်။ အဲ့ဒီအမျိုးသမီးဟာ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်တဲ့ အမျိုးသမီးဖြစ်တယ်။
အရှင်ယေရှုရဲ့ သတောင်းကောင်းကို ယုံကြည်လက်ခံဖို့အတွက် ဘုရားသခင်ဟာ လုဒိရဲ့ စိတ်နှလုံးကိုဖွင့်ပြပေးခဲ့တယ်။ အဲခါမှာ လုဒိနဲ့ သူ့မိသားစုတွေဟာ ရေနှစ်ခြင်းခံခဲ့ကြတယ်။ လုဒိဟာ ပေါလုနှင့်သိလတို့ကို သူ့အိမ်မှာ တည်းဖို့အတွက် ဖိတ်ခေါ်တဲ့အတွက်ကြောင့် လုဒိရဲ့ အိမ်မှာ သူတို့ သွားရောက်တည်းခိုခဲ့ကြတယ်။
ပေါလုနှင့် သိလတို့ဟာ ဆုတောင်းတဲ့နေရာကို မကြာခဏလူတွေနဲ့အတူ စုဝေးကြတယ်။ အဲ့နေရာကိုသွားတဲ့အခါတိုင်း နတ်ဆိုးစွဲတဲ့ ကျွန်မိန်းကလေးဟာ တစ်ယောက်က သူတို့နောက်ကို လိုက်တယ်။ အဲ့ဒီ သူဟာ နတ်ဆိုးရဲ့တန်ခိုးကြောင့် ဗေဒင်ဟောနိုင်တယ်။ အဲ့လိုဟောပေးနိုင်လို့ နတ်ဆိုးစွဲတဲ့ မိန်းကလေးဟာ သူ့သခင်ကို ငွေတွေအများကြီးရှာပေးနိုင်ခဲ့တယ်။.
အဲ့ဒီမိန်းကလေးဟာပေါလုနဲ့အတူ လမ်းလျှောက်တဲ့အခါမှာ ‘ဒီလူတွေဟာ အမြင့်ဆုံးဘုရားရဲ့ အစေအပါးတွေဖြစ်တယ်။ သူတို့ဟာ မင်းတို့ကို ကယ်တင်ခြင်းအကြောင်းကို ဟောကြလိမ့်မယ်’ ဆိုပြီး မကြာခဏ အော်ဟစ်နေတာ ပေါလုအတွက် အနှောက်အယှက်ဖြစ်လာတယ်။
တနေ့တော့ အဲ့ဒီကျွန်မဟာ အရင်ကလိုပဲအော်ဟစ် နေလို့ ပေါလုဟာ သူ့ကို လှည့်ကြည်ပြီး သူ့အထဲမှာ ရှိတဲ့ နတ်ဆိုးကို ‘ဒီမိန်းကလေးအထဲက ထွက်သွား’ ဆိုပြီးအမိန့်ပေးလိုက်တယ်။
အဲ့လိုလည်း ထွက်သွားတဲ့အခါမှာ ကျွန်မိန်းကလေးရဲ့ သခင်က အရမ်းကို ဒေါသထွက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးကသူ့အထဲကထွက်သွားရင်ဒီမိန်းကလေးက အနာဂတ်ကို မဟောနိုင်တော့ဘူး။ မဟော ပြောပေးနိုင်ရင်တော့ သူ့သခင်တွေအတွက် ပိုက်ဆံရှာပေးနိုင်တော့မှာမဟုတ်ဘူး ဆိုတာကို သိလို့ ဖြစ်တယ်။
ဒါကြောင့် ကျွန်မရဲ့သခင်ဟာ ပေါလုနဲ့ သိလတို့ကို ရောမအာဏာပိုင်တွေ ဆီကို အပ်လိုက်တယ်။ သူတို့ဟာ ပေါလုနဲ့သိလကို ရိုက်နှက်ပြီး ထောင်ထဲမှာချုပ်ထားလိုက်တယ်။
ရောမအာဏာပိုင်တွေက ပေါလုနဲ့သိလကို ထောင်ထဲမှာ ထိပ်တုံးနဲ့ ခတ်ထားတယ်။ ပြီးတော့ အစောင့်တွေနဲ့ လုံလုံခြုံခြုံချထားတယ်။ သူတို့နှစ်ယောက်ကတော့ ညသန်းခေါင်အချိန်ထောင်ထဲမှာ ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုကြတယ်။
သီချင်းဆိုတဲ့အချိန်မှာပဲ ရုတ်တရက် မြေငလျင်ပြင်းပြင်းလှုပ်တဲ့အတွက် ထောင်တံခါးတွေအားလုံး ပွင့်သွားတယ်။ အကျဉ်းသားကို ချည်နှောင်တဲ့ သံကြိုးတွေဟာလည်းပြုတ်ပြတ်ထွက်ကုန်တယ်။
ထောင်မှူးက ထောင်တံခါးတွေအားလုံးပွင့်နေတာလည်းမြင်ရော အရမ်းကြောက်ရွံ့တုန်လှုပ်သွားတယ်။ ထောင်သားတွေအားလုံးလွတ်ကုန်ပြီလို့ထင်ပြီး သူ့ကိုယ်သူ သတ်သေဖို့လုပ်တော့တယ်။ (ဘာဖြစ်လို့လည်းဆိုတော့ ထောင်သားတွေအားလုံး လွတ်သွားရင် ရောမအာဏာပိုင်ဟာ သူ့ကို သတ်တော့မယ်ဆိုတာကိုသူသိနေလို့ဖြစ်တယ်။) ပေါလုဟာ ထောင်မှူးသူ့ကိုယ်သူ သတ်တော့မယ်ဆိုတာကို တွေ့တဲ့အခါမှာ ‘ငါတို့အားလုံးဒီမှာ ရှိကြတယ်။ ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့’ လို့ ပြောလိုက်တယ်။
ထောင်မှူးဟာ ကြောက်ရွံ့တုန်လှုပ်ပြီးတော့ ပေါလုနဲ့သိလကို ‘ကျွန်တော်ကယ်တင်ခြင်းရအောင် ဘာလုပ်ရမလဲ’ လို့မေးတဲ့အခါ သူတို့က ‘အရှင်ယေရှုကို ယုံကြည်ပါ။ ယုံကြည်ရင်တော့ မင်းနဲ့မင်းရဲ့ မိသားစုတွေဟာကယ်တင်ခြင်းခံရမယ်’ဆိုပြီးပြောတယ်။ အဲ့နောက်မှာတော့ ထောင်မှူးဟာ ပေါလုနဲ့ သိလကို သူ့အိမ်ကို ခေါ်ပြီး သူတို့ရဲ့ အနာတွေကို ဆေးကြောပေးခဲ့တယ်။ ပေါလုတို့ကလည်း ထောင်မှူးတို့မိသားစုကို သခင်ယေရှုရဲ့ သတင်းကောင်းကိုပြောပြခဲ့တယ်။
ထောင်မှူးတို့ မိသားစုလည်း ယေရှုကို ယုံကြည်လက်ခံလာကြပြီး ရေနှစ်ခြင်းမင်္ဂလာကိုခံကြတယ်။ ပြီးတော့ ပေါလုနဲ့သိလကို ဧည့်ခံပြီး အတူတကွ ပျော်ပျော်ပါးပါး စားသောက်ကြတယ်။
နောက်နေ့လည်းရောက်ရော မြို့အုပ်ဟာ ပေါလုနဲ့ သိလကို ထောင်ကလွှတ်ပေးလိုက်တယ်။ သူတို့ကို ဖိလိပ္ပိမြို့က ထွက်သွားပေးပါလို့ တောင်းဆိုကြတယ်။ ပေါလုတို့ကလည်း လုဒိနှင့် အခြား မိတ်ဆွေတွေကို သွားတွေ့ပြီးမှ အဲ့ဒီမြို့ကနေထွက်ခွာသွားခဲ့ကြတယ်။ သခင်ယေရှုရဲ့ သတင်းကောင်းဟာနေ့ရာအနှံ့ကို ရောက်သွားတဲ့ အတွက် အသင်းတော်ဟာလည်း တစတစ ကြီးပွားတိုးတက်လာခဲ့တယ်။
ပေါလုနဲ့ အခြား တမန်တော်တွေလည်း တစ်မြို့ပြီးတစ်မြို့လှည့်လည်ပြီးတော့ သခင်ယေရှုအကြောင်း သတင်းကောင်းကို ဟောပြောခဲ့တယ်။ သူတို့ဟာ ခရစ်တော်ကို ယုံကြည်တဲ့ အသင်းတော်တွေဆီကို ခွန်အားပေးစာတွေရေးပြီး သင်ကြားပေးခဲ့တယ်။ အချို့ စာစောင်တွေကိုတော့ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတာကို တွေ့ရမှာဖြစ်တယ်။
အခြေပြုကျမ်းညွှန်း - တမန်တော်ဝတ္ထု ၁၆: ၁၁-၄၀