၇။ဘုရားရှင် ‘ယာကုပ်’အားကောင်းချီးပေးတော်မူခြင်း
ထိုယောကျ်ားလေးများ အသက်အရွယ်ကြီးပြင်းလာကြသောအခါ ယာကုပ်သည် အိမ်မှာနေရသည်ကိုနှစ်သက်ပြီး ဧသောမှာ တောလိုက်မုဆိုးအလုပ်ကို သဘောကျလေသည်။ ရေဗက္ကမှာ ယာကုပ်အားချစ်ပြီး ဣဇက်မှာမူ ဧသောကိုချစ်လေသည်။
တစ်နေ့သောအခါ ဧသောသည် အမဲလိုက်ပြီးပြန်လာချိန်တွင် အလွန်ဆာလောင်နေခဲ့သဖြင့် ဧသောက ယာကုပ်အား "သင်ပြုလုပ်ထားသောအစားအသောက်အနည်းငယ်ကျွန်ုပ်ကိုပေးပါ' ဟု ဆိုလိုက်ပါသည်။ ထိုအခါတွင် ယာကုပ်က "သင်သည်ရှေးဦးစွာအရင်မွေးသောကြောင့် သားဦးရမည့်အမွေအားလုံး ကျွန်ုပ်အားပေးမည်ဟု ကတိပေးပါဟု ပြန်ပြောလိုက်လေသည်။ ထိုအခါဧသောသည် ယာကုပ်အား ထိုအရာအားလုံးကို ပေးမည်ဟု ကတိပေးလိုက်သဖြင့် ယာကုပ်သည်သူ့အား အစားအစာအနည်းငယ် ပေးလိုက်လေသည်။
ဣဇာက်သည် ဧသောအား ကောင်းချီးများ ပေးချင်ခဲ့သည်။ သို့သော် ဣဇာက် ကောင်းချီးမပေးခင် ရေဗက္ကနှင့် ‘ယာကုပ်’သည် ဧသောယောင်ဆောင်ပြီး သူ့အား လှည့်စားခဲ့ကြလေသည်။ ဣဇာက်သည် အသက်ကြီးပြီ ဖြစ်သောကြောင့် မျက်စိမမြင်တော့ပေ။ ထိုအခါတွင် ‘ယာကုပ်’သည် ဧသော၏ အဝတ်အစားများအား ဝတ်ဆင်၍ သူ၏ လည်ပင်းနှင့် လက်များတွင် ဆိတ်အရေခွံများ ခြုံလိုက်လေသည်။
ယာကုပ်သည် ဣဇက်ထံသို့လာ၍ "ကျွန်ုပ်သည်ဧသောဖြစ်ပါသည်၊ ဖခင်ကျွန်ုပ်အားကောင်းချီးပေးနိုင်ရန်အတွက် ကျွန်ုပ်လာခဲ့ခြင်းဖြစ်သည်" ဟု ပြောကြားလိုက်လေသည်။ ဣဇက်သည် ဆိတ်အရေခွံအားထိတွေ့ခံစားရပြီး အဝတ်အစားများ၏ အနံ့ကိုရသောအခါ ဧသောဟုထင်သဖြင့် ကောင်းချီးမင်္ဂလာများ ပေးခဲ့လေသည်။
ဧသောသည် သူ၏သားဦးတစ်ယောက်အနေဖြင့်ရထိုက်သော ရပိုင်ခွင့်များနှင့် ကောင်းချီးမင်္ဂလာများအားယာကုပ်က ခိုးယူသွားသောကြောင့်ယာကုပ်အား မုန်းတီးသွားလေသည်။ ထို့ကြောင့် သူတို့၏ ဖခင် သေဆုံးသွားသောအခါတွင် ‘ယာကုပ်’အား သတ်မည်ဟု ကြံရွယ်ခဲ့ပါသည်။
သို့သော် ရေဗက္ကသည် ဧသော၏အကြံအစည်များအား ကြားသိသွားသဖြင့် ယာကုပ်၏အသက်အန္တရာယ်အားကာကွယ်ပေးလိုသောကြောင့် သူမ၏ဆွေမျိုးများနှင့်် နေထိုင်ရန် အဝေးတစ်နေရာသို့ စေလွှတ်လိုက်လေသည်။
ယာကုပ်သည် ရေဗက္က၏ဆွေမျိုးများနှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ ထိုအချိန်တွင် သူသည် ထိမ်းမြားလက်ထပ်ခဲ့ပြီး သားတစ်ဆယ့်နှစ်ဦးနှင့် သမီးတစ်ဦးမွေးဖွားခဲ့သည်။ ဘုရားရှင်သည် သူ့အား အလွန်ချမ်းသာအောင် ပြုလုပ်ပေးခဲ့လေသည်။
‘ခါနာန်’ တွင်ရှိသော သူ၏အိမ်နှင့် အနှစ် နှစ်ဆယ်လောက်ဝေးကွာခဲ့ပြီးချိန်တွင် ‘ယာကုပ်’သည်၎င်း၏ မိသားစု၊ အခိုင်းအစေများ၊ တိရိစ္ဆာန်အုပ်များနှင့်အတူ အိမ်ပြန်လာခဲ့လေသည်။
‘ယာကုပ်’က ‘ဧသော’သည် သူ့အားသတ်ချင်နေသေးသည်ဟု ထင်၍ အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူ၏ တိရိစ္ဆာန်များစွာကို ‘ဧသော’အား လက်ဆောင်ပေးခဲ့သည်။ တိရိစ္ဆာန်များအားယူဆောင်လာပေးသောအခိုင်းအစေများကဧသောအား“သင်၏ အခိုင်းအစေဖြစ်သော ‘ယာကုပ်’သည် သင့်အား ဤတိရိစ္ဆာန်များ ပေးခြင်းဖြစ်သည်။ သူမကြာခင် လာပါလိမ့်မည်” ပြောလေသည်။
သို့သော်ဧသောသည် ‘ယာကုပ်’အား အန္တရာယ်မပြုလိုတော့သည့်အပြင်သူ့အားတွေ့ရသည်နှင့်ပင် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်နေပါသည်။ ထို့ကြောင့် ထိုညီအစ်ကိုနှစ်ဦးတို့သည် ‘ခါနာန်’တွင် ငြိမ်းချမ်းစွာနေကြလေသည်။ ထို့နောက် ဣဇာက်သေဆုံးသွား၍ ‘ယာကုပ်’နှင့် ဧသောတို့သည် သူ့အား မြေမြှုပ်သင်္ဂြိုလ်လိုက်ကြလေသည်။ ‘အာဗြဟံ’နှင့်ဘုရားရှင်တို့ ပြုလုပ်ခဲ့သော ပဋိညာဉ်သည် ‘ယာကုပ်’ထံသိုလက်ဆင့်ကမ်းသွားပြီ ဖြစ်လေသည်။
ကမ္ဘာဦးကျမ်း ၂၅း၂၇-၃၅း၂၉