ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၃၁။ကိုယ်တော်‌ယေရှု ရေပေါ်တွင်လမ်းလျှောက်တော်မူခြင်း

Frame 31-01

ကိုယ်တော်ယေရှုသည် လူအုပ်ကြီးကို ကျွေးမွေးတော်မူပြီးနောက် သူ၏တပည့်တော်များအား လှေတစ်စီးပေါ်သို့ တက်ရန်မိန့်တော်မူလေသည်။ ကိုယ်တော်ယေရှုသည် သူ၏တပည့်တော်တို့အား ရေအိုင်တစ်ဖက်သို့ ရွက်လွှင့်စေတော်မူလေသည်။ ထိုအခါ သူ၏တပည့်များ ထွက်ခွာသွားကြသဖြင့် ကျန်သောသူများအား မိမိတို့၏အိမ်သို့ ပြန်စေခဲ့သည်။ ထို့နောက် ကိုယ်တော်ယေရှုသည် တောင်ပေါ်သို့သွား၍ ညဉ့်နက်သည်အထိ တစ်ပါးတည်းဆုတောင်းတော်မူလေသည်။

Frame 31-02

တပည့်တော်များသည် လှေလှော်ခတ်နေချိန်တွင်လေပြင်းမုန်တိုင်းတိုက်ခိုက်လေ၏။ ညဉ့်နက်ချိန်သို့ ရောက်သောအခါတွင် သူတို့သည် ရေအိုင်၏အလယ်သို့သာ ရောက်ကြသေးလေသည်။

Frame 31-03

ထိုအချိန်တွင် ကိုယ်တော်ယေရှုသည် ဘုရားရှင်အား ဆု တောင်းခြင်းပြီးစီး၍သူ၏တပည့်တော်များနှင့် တွေ့ဆုံရန် ပြန်လည်ကြွတော်မူလေသည်။ ကိုယ်တော်ယေရှုသည် သူ၏တပည့်များရှိရာ လှေဘက်သို့ရေပေါ်တွင်လမ်းလျှောက် ၍ကြွမြန်းတော်မူလေသည်။

Frame 31-04

သူ၏တပည့်များသည် ကိုယ်တော်ယေရှုအား တွေ့မြင်ရသောအခါတွင် တစ္ဆေဟုအထင်မှားကာအလွန်ထိတ်လန့်တုန်လှုပ်သွားကြလေသည်။ ကိုယ်တော်ယေရှုသည် ထိုသူတို့ထိတ်လန့်တုန်လှုပ်နေသည်ကိုသိ၍ “မကြောက်ကြပါနှင့်၊ငါကိုယ်တော်ပါ” ဟု မိန့်တော်မူလိုက်ပါသည်။

Frame 31-05

ထို့နောက်ပေတရုသည် ကိုယ်တော်ယေရှုအား “သင်သည် ကိုယ်တော်ယေရှုအမှန်ဖြစ်လျှင်ကျွန်ုပ်အား ရေပေါ်တွင်လမ်းလျှောက်၍ ကိုယ်တော့်ထံသို့ လာနိုင်စေရန် အမိန့်ပေးတော်မူပါ” ဟူ၍ လျှောက်ထားလေသည်။ ထိုအခါ ကိုယ်တော်ယေရှုက “လာခဲ့”ဟု မိန့်တော်မူလေသည်။

Frame 31-06

ထိုအခါ ပေတရုသည် လှေပေါ်မှဆင်းကာရေမျက်နှာပြင်ပေါ်တွင် လမ်းလျှောက်၍ ကိုယ်တော်ယေရှုထံသို့ သွားလေသည်။ သို့သော် ရေပေါ်တွင် အနည်းငယ်မျှလျှောက်လှမ်းပြီးနောက် သူသည်ကိုယ်တော်ယေရှုထံမှအကြည့်ကိုလွှဲဖယ်၍ ရေလှိုင်းများအားကြည့်ရှုလိုက်သောအခါတွင်လေ ပြင်းတိုက်ခတ်ခြင်းကို ခံရလေသည်။

Frame 31-07

ထို့နောက်ပေတရုသည်အလွန်ထိတ်လန့်သွားပြီး ရေနစ်မြုပ်စပြုလေသည်။ သူသည် “အရှင်ဘုရား၊ ကျွန်ုပ်အား ကယ်တော်မူပါ” ဟူ၍ အော်ဟစ်ငိုကြွေးလေသည်။ ချက်ချင်းပင် ကိုယ်တော်ယေရှုသည် ပေတရုအား လှမ်းဆွဲလိုက်လေသည်။ ထို့နောက်သူသည် ပေတရုအား “ယုံကြည်မှုအလွန်နည်းပါလား။ ငါသည်သင့်ကိုကယ်ဆယ်တော်မူမည်ဆိုသည်ကိုမယုံဘူးလား”ဟူ၍ မိန့်တော်မူလိုက်လေသည်။

Frame 31-08

ထို့နောက် ကိုယ်တော်ယေရှုနှင့် ပေတရုတို့သည် လှေပေါ်သို့ရောက်ပြီးနောက် လေပြင်းမုန်တိုင်းသည်လည်း ချက်ချင်းရပ်တန့်သွားပြီး ၊ရေလှိုင်းများလည်း ငြိမ်သက်သွားလေသည်။ တပည့်တော်များသည် အလွန်အမင်းအံ့ဩသွားကြပြီး ကိုယ်တော်ယေရှု၏ရှေ့မှောက်တွင် ရှိခိုးဦးညွှတ်ကြလေသည်။ သူတို့က “ကိုယ်တော်သည် အမှန်ပင် ဘုရားရှင်၏သားတော် ဖြစ်ပါသည်” ဟူ၍ ပြောဆိုကြလေသည်။

မဿဲ ၁၄:၂၂-၃၃; မာကု ၆:၄၅-၅၂; ယောဟန်၆:၁၆-၂၁