ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၁၉။ ရှေ့ဖြစ်ဟောပညာရှိများ

Frame 19-01

ဘုရားရှင်သည် ဣသရေလလူမျိုးများထံသို့ ရှေ့ဖြစ်ဟောပညာရှိများကို အမြဲတမ်းစေလွှတ်ပြီး ရှေ့ဖြစ်ဟောပညာရှိများက ဘုရားရှင်၏ သတင်းစကားများကို ကြားနာ၍ လူထုအားပြန်လည် ဟောပြောလေသည်။

Frame 19-02

ဣသရေလအား အာဟတ်ဘုရင် စိုးစံနေစဉ်အခါက ဧလိယ သည် ရှေ့ဖြစ်ဟော ပညာရှိတစ်ဦးဖြစ်ပြီး အာဟတ် ဘုရင်သည် ဆိုးရွားသောသူတစ်ဦးဖြစ်ပါသည်။ သူသည် လူထုအား ဗာလ ဟုခေါ်သည့် ဘုရားအတုအား ကိုးကွယ်ရန် ကြိုးပမ်းသဖြင့် 'ဧလိယ'က ဘုရားရှင်သည် လူတို့အား အပြစ်ပေးတော့မည်ဟု ပြောကြားလေသည်။ သူသည် “ငါက မိုးပြန်လည် ရွာသွန်းလိမ့်မည်ဟု မပြောမချင်း ဣသရေလ၏နန်းတော်တွင် မိုးများနှင့်မြူနှင်းများကျရောက်လိမ့်မည်မဟုတ်” ဟု ပြောကြားသဖြင့် 'အာဟတ်' သည် အလွန်အမင်းဒေါသထွက်ပြီး ဧလိယ အားသတ်ရန် ဆုံးဖြတ်ချက်ချလေသည်။

Frame 19-03

ထို့ကြောင့် ဘုရားရှင်သည် 'ဧလိယ' အား 'အာဟတ်' မတွေ့မြင်စေရန် တောကန္တာရထဲသို့ စေလွှတ်တော်မူလေသည်။ 'ဧလိယ' သည် ဘုရားရှင် ညွှန်ပြလိုက်သော တောကန္တာရထဲရှိ စမ်းချောင်းတစ်ခုသို့ သွားရောက်နေထိုင်ပြီး မနက်နှင့်ညနေတိုင်းတွင် ငှက်များက 'ဧလိယ' အား ပေါင်မုန့်နှင့်အသားများ ယူလာပေးလေသည်။ 'အာဟတ်' နှင့် သူ၏စစ်တပ်သည် 'ဧလိယ' အား လိုက်လံရှာဖွေကြသော်လည်း တွေ့မြင်ခြင်းမရှိခဲ့ပေ။

Frame 19-04

အချိန်ကြာမြင့််သောအခါတွင် မိုးရွာသွန်းခြင်းမရှိသောကြောင့် စမ်းရေများခမ်းခြောက်သွားကြလေသည်။ ထိုသို့သောအခါတွင် 'ဧလိယ'သည် အနီးအနားရှိတိုင်းပြည်တစ်ခုသို့ သွားရောက်ပြီး ထိုတိုင်းပြည်ရှိ အလွန်ဆင်းရဲသော သားတစ်ယောက်အမေ မုဆိုးမသားအမိနှင့် သွားရောက်နေထိုင်လေသည်။ သူတို့တွင် လယ်ယာများမဖြစ်ထွန်းသဖြင့် အစာရေစာများ ပြတ်လုနီးပါး ဖြစ်နေသော်လည်း ထိုမိန်းမသည်'ဧလိယ'အားစောင့်ရှောက်ပေးသောကြောင့် ဘုရားရှင်သည် သူမနှင့်သူမ၏ သားအား ကူညီစောင့်ရှောက် ပေးလေသည်။ အငတ်ဘေးကျရောက်သည့် တစ်ချိန်လုံးတွင် သူတို့၌ အစား အသောက်များ ပြတ်လပ်ခြင်းမရှိခဲ့ဘဲ သူမ၏ ဂျုံဗူးနှင့် ဆီပုလင်းသည် မည်သည့်အခါမှကုန်ခမ်းသွားခြင်းမရှိခဲ့ပါ။ 'ဧလိယ' သည်လည်း ထိုနေရာတွင် သုံးနှစ်ခန့်နေထိုင်ခဲ့လေသည်။

Frame 19-05

သုံးနှစ်ခွဲခန့်ကြာသောအချိန်တွင်ဘုရားရှင်က မိုးရွာအောင်ပြုလုပ်တော့မည်ဟု 'ဧလိယ' အား ဣသရေလသို့ပြန်ပြီး 'အာဟတ်' အား ပြောကြားစေသဖြင့် 'ဧလိယ'သည် 'အာဟတ်' ထံသို့ သွားလေသည်။ 'အာဟတ်' သည် ၎င်းအားတွေ့မြင်သောအခါ “ဪ မင်းက ဒီမှာကိုး၊ မင်းဟာတော်တော်ဒုက္ခပေးတဲ့ကောင်ပဲ” ဟု ပြောဆိုသဖြင့် 'ဧလိယ' ကသူ့အား “မင်းကသာ စစ်မှန်သော 'ယာဝေ'ဘုရားအားစွန့်လွှတ်ခဲ့ပြီး ဘုရားအတုအယောင် 'ဗာလ' ကို ကိုးကွယ်ခြင်းပြုသည့် ပြဿနာရှာသောသူဖြစ်တယ်။ အခုဘဲ မင်းဟာ ဣသရေလ နန်းတော်အတွင်းရှိ လူများကို 'ကရမေလ' တောင်ကို ခေါ်ဆောင်လာရမယ်” ဟု ပြောကြားလေသည်။

Frame 19-06

ထို့ကြောင့် ဣသရေလတွင်ရှိသော လူအားလုံးသည် 'ကရမေလ' တောင်သို့ သွားကြသောအခါ ဘုရားအတုအယောင်'ဗာလ' အကြောင်းအား ဟောပြောသူများလည်း လိုက်ပါလာလေသည်။ ထိုသူများသည် 'ဗာလ' ၏ရှေ့ဖြစ်ဟောပညာရှိများဖြစ်ပြီး လူပေါင်း လေးရာငါးဆယ်ခန့်မျှရှိပါသည်။ 'ဧလိယ' သည်ထိုလူများအား “ သင်တို့ ဘယ်လောက်ကြာအောင် ဇဝေဇဝါ စိတ် ဖြစ်နေကြမှာလဲ။ 'ယာဝေ' ဟာ ဘုရားဖြစ်လျှင် 'ယာဝေ' အားကိုးကွယ်ပြီး 'ဗာလ' က ဘုရားဖြစ်လျှင်လည်း 'ဗာလ' အား ကိုးကွယ်ပါ” ဟုပြောလေသည်။

Frame 19-07

ထို့နောက် 'ဧလိယ' သည် 'ဗာလ' ၏ ရှေ့ဖြစ်ဟောပညာရှိများအား “နွားထီးတစ်ကောင်ကိုသတ်၍ အသားအား အပိုင်းပိုင်းဖြတ်ကာ ယဇ်ပလ္လင်ပေါ် ပူဇော်ရန်တင်လိုက်ပါ။ သို့သော် မီးမရှို့ပါနှင့်၊ ပြီးလျှင် ကျွန်ုပ်လည်း အခြားယဇ်ပလ္လင်ပေါ်တွင် ထိုနည်းအတိုင်း လုပ်ဆောင်ပါမည်။ ဘုရားရှင်က ယဇ်ပလ္လင်ပေါ်သို့ မီးလောင်စေလျှင် သူသည် ဘုရားအစစ်အမှန်ဆိုသည်ကို သင်တို့သိလိမ့်မည်” ဟု ပြောကြားလိုက်သဖြင့် 'ဗာလ' ၏ရှေ့ဖြစ်ဟောပညာရှိများသည် ပူဇော်ရန်ပြင်ဆင်ပြီး မီးမရှို့ဘဲနေလေသည်။

Frame 19-08

ထို့နောက် 'ဗာလ' ၏ရှေ့ဖြစ်ဟောပညာရှိများသည် 'ဗာလ' ထံသို့ “ကျွန်ုပ်တို့လျှောက်ထားသည်ကိုကြားတော်မူပါ” ဟု ဆုတောင်းကြလေသည်။ ၎င်းတို့သည် အော်ဟစ်ဆုတောင်းခြင်း ၎င်းတို့၏ ကိုယ်ခန္ဓာအား ဓါးဖြင့်လှီးခြင်းများဖြင့် တစ်ရက်လုံးဆုတောင်းကြသော်လည်း ဗာလ သည် ပြန်လည် ဖြေကြားခြင်းမရှိဘဲ မည်သည့်မီးမှ စေလွှတ်ခြင်းမရှိချေ။

Frame 19-09

'ဗာလ' ဘုရား၏ရှေ့ဖြစ်ဟောပညာရှိများသည် 'ဗာလ'အားတစ်ရက်လုံးဆုတောင်းပြီး နောက်ဆုံးတွင် ဆုတောင်းမှုများအား ရပ်တန့်လိုက်လေသည်။ ထို့နောက် 'ဧလိယ' သည် နောက်ထပ် နွားထီးတစ်ကောင်၏ အသားကို ဘုရားရှင်၏ ယဇ်ပလ္လင်ပေါ်သို့ တင်စေပြီး လူထုအား ရေအိုးကြီးတစ်ဆယ့်နှစ်အိုး အပြည့်ရေကို ယူဆောင်စေ၍ အသားများနှင့် ယဇ်ပလ္လင်၏ မြေကြီးများပါမကျန် စိုရွှဲသွားစေအောင် ရေများလောင်းချခိုင်းလေသည်။

Frame 19-10

ထို့နောက် ဧလိယ ဆုတောင်းသည်မှာ "အာဗြဟံ၊ဣဇာက်နှင့်ယာကုပ်တို့၏ ဘုရားရှင် 'ယာဝေ'၊ အရှင်သည် ဣသရေလ အမျိုးသားတို့၏ ဘုရားဖြစ်တော်မူကြောင်းနှင့် ကျွန်ုပ်သည် သင်၏ အစေခံဖြစ်သည်ကို ကျွန်ုပ်တို့အား ယနေ့ပင်ပြသပါ။ အရှင်သည် ဘုရားရှင်အစစ်အမှန် ဖြစ်ကြောင်း ဤလူများသိရှိရန် ကျွန်ုပ်အားဖြေကြားတော်မူပါ” ဟု ဆုတောင်းခဲ့လေသည်။

Frame 19-11

ချက်ချင်းပင် ကောင်းကင်မှမီးများကျဆင်းလာပြီး အသားများ၊သစ်သားများ၊ ကျောက်တုန်းများ၊ မြေကြီးများနှင့် ယဇ်ပလ္လင်ဘေးတွင် ရှိသောရေများကိုပင် လောင်ကျွမ်းစေသဖြင့် လူများသည် မြေကြီးပေါ်တွင် ဝပ်တွားပြီး “ယာဝေသည် ဘုရားဖြစ်သည်။ ယာဝေသည် ဘုရားဖြစ်သည်” ဟု ဝန်ခံပြောကြားကြလေသည်။

Frame 19-12

ထို့နောက် ဧလိယသည် "ဗာလ၏မည်သည့်ရှေ့ဖြစ်ဟောပညာရှိကိုမှ အလွတ်ပေးခြင်းမရှိစေနှင့်" ဟုပြောကြားလိုက်လေသည်။ ထိုအခါတွင် လူအများသည် ဗာလ၏ရှေ့ဖြစ်ဟောပညာရှိများအား ဖမ်းဆီးကာ အဝေးသို့ခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်လေသည်။

Frame 19-13

ထို့နောက် 'ဧလိယ' သည် ဘုရင် 'အာဟတ်' အား “မိုးရွာတော့မည်ဖြစ်သောကြောင့် သင်၏အိမ်သို့ချက်ခြင်းပြန်ပါ” ဟုပြောကြားလိုက်လေသည်။ ထို့နောက်တွင် မိုးကောင်းကင်သည် မှောင်မဲလာပြီး မိုးများသည်းထန်စွာ ရွာသွန်းလေတော့သည်။ 'ယာဝေ' သည်မိုးခေါင်နေခြင်းအား ရပ်တန့်စေတော်မူပြီး သူသည် ဘုရားရှင်အစစ် ဖြစ်ကြောင်းကိုလည်း သက်သေပြတော်မူလေသည်။

Frame 19-14

'ဧလိယ'၏တာဝန် ပြီးဆုံးသွားသောအခါတွင် ဘုရားရှင်သည် 'ဧလိရှဲ' ဟုခေါ်သောလူတစ်ဦးအား ရှေ့ဖြစ်ဟောပညာရှိအဖြစ် ရွေးချယ်ပြီး ဧလိရှဲ မှတစ်ဆင့် ထူးဆန်းအံ့ဩဖွယ်ရာများကို ပြုတော်မူလေသည်။ ထိုအံ့ဩဖွယ်ရာများထဲမှ တစ်ခုမှာ 'နေမန်' ဟူသော လူတစ်ဦးပေါ်သို့ သက်ရောက်သွားလေသည်။ သူသည် ရန်သူ့စစ်တပ်၏ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး သူ့တွင်ဆိုးရွား သော အရေပြားရောဂါ ဖြစ်နေလေသည်။ 'နေမန်' သည် 'ဧလိရှဲ' အကြောင်းကို ကြားသိပြီး သူ့အားဆေးကုသပေးရန် သွားရောက်အကူအညီ တောင်းသဖြင့် 'ဧလိရှဲ'သည် 'နေမန်' အား သူကိုယ်တိုင် 'ယောဒန်မြစ်'သို့ သွားပြီး ရေတွင်ခုနှစ်ခါနှစ်စေသည်။

Frame 19-15

'နေမန်' သည် ဤကဲ့သို့ လုပ်ခိုင်းခြင်းကို ရူးကြောင်ကြောင်အလုပ်ဟု ထင်သဖြင့် ဒေါသထွက်ပြီး ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်းလဲသွားပြီး သူသည် ယောဒန်မြစ်သို့သွား၍ ရေထဲတွင် ခုနှစ်ခါနှစ်လိုက်လေသည်။ သူသည် နောက်ဆုံးအကြိမ်ရေမှ ပြန်ပေါ်သောအခါတွင် ဘုရားရှင်က သူ၏အနာရောဂါအားကင်းဝေးစေတော်မူလေသည်။

Frame 19-16

ဘုရားရှင်သည် ရှေ့ဖြစ်ဟောပညာရှိများစွာကိုလည်း ဣသရေလရှိ လူများထံသို့ စေလွှတ်တော်မူလေသည်။ သူတို့အားလုံးသည် လူများအား ရုပ်ထုများကိုးကွယ်နေခြင်းကို ရပ်တန့်ရန်ပြောကြားကြပြီး ရုပ်တုများကိုးကွယ်နေမည့်အစား လူအချင်းချင်းမျှတစွာ ဆက်ဆံပြီး သနားကြင်နာမှုရှိကြရန် ပြောကြားလေသည်။သူတို့က လူများသည် မကောင်းမှုများ လုပ်ဆောင်နေခြင်းအစား ဘုရားရှင်အား ဆည်းကပ်လိုက်နာကြရန်နှင့် လူများက ဤကဲ့သို့ လိုက်နာခြင်းမရှိလျင် ဘုရားရှင်ကသူတို့အားပြစ်တင်ရှုံ့ချတော်မူလိမ့်မည်ဟု ဟောပြောလေသည်။

Frame 19-17

များသောအားဖြင့်လူများသည် ဘုရားရှင်၏စကားအား ယုံကြည် လိုက်နာခြင်းမရှိကြပါ။ ဘုရားရှင်၏ ရှေ့ဖြစ်ဟောပညာရှိများကိုလည်း မကြာခဏဆိုးရွားစွာ ဆက်ဆံကြ၍ တစ်ခါတစ်ရံတွင် သတ်ဖြတ်ခြင်းပင် ပြုလုပ်ကြပါသည်။ တစ်ခါက 'ယေရမိ' ဟုခေါ်သော ရှေ့ဖြစ်ဟောပညာရှိတစ်ဦးအား ရေတွင်းပျက်ထဲတွင် ပစ်ထား၍ သေစေခဲ့သဖြင့် သူသည် ရေတွင်း၏အောက်ခြေရှိ နွံထဲသို့နစ်သွားလေသည်။ သို့သော် ဘုရင်သည် 'ယေရမိ'အား သနားစိတ် ဖြစ်ပေါ်သွားပြီး သူ၏ကျေးကျွန်များကို 'ယေရမိ'မသေဆုံးမီ ရေတွင်းပေါ်သို့ ဆွဲတင်ကာ ကယ်တင်စေခဲ့သည်။

Frame 19-18

လူအများက ရှေ့ဖြစ်ဟောပညာရှိများကို မုန်းတီးကြသော်လည်း သူတို့သည် ဘုရားရှင်၏ မိန့်ကြားချက်များအား ဆက်လက်ဟောပြောကြလေသည်။ လူများအား နောင်တရခြင်းမရှိလျှင် ဘုရားရှင်က သူတို့အား ဖျက်ဆီးတော့မည်ဟု သတိပေးဟောပြောကြပြီး ဘုရားရှင်သည် လူများထံသို့ 'မေရှိယ' အား ပို့ဆောင် ပေးတော်မူမည်ဆိုသည့် ဘုရားရှင်၏ ကတိတော်ကိုလည်း နှိုးဆော်အမှတ်ရစေသည်။

၁ ဓမ္မရာဇဝင် ၁၆-၁၈၊ ၂ ဓမ္မရာဇဝင် ၅; ယေရမိ ၃၈