ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၂၄။ယောဟန်မှ ကိုယ်တော်ယေရှုအား ရေနှစ်မင်္ဂလာပြုပေးခြင်း

Frame 24-01

ဇာခရိနှင့် ဧလိရှဗက်တို့၏ သားဖြစ်သူ ယောဟန်သည် အသက်ကြီးပြင်းလာသောအခါ ရှေ့ဖြစ်ဟောပညာရှိ ဖြစ်သွားလေသည်။ သူသည် တောကန္တာရထဲတွင် နေထိုင်၍ ကုလားအုပ်အမွှေးအဝတ်ကြမ်းကို ဝတ်ဆင်ကာပျားရည်နှင့်ကျိုင်းကောင်ကိုစားသုံးလေသည်။

Frame 24-02

လူများစွာသည် တောကန္တာရထဲသို့ ထွက်လာပြီး ယောဟန်ဟောကြားသောသတင်းစကားများအား လာရောက်နားထောင်ကြပါသည်။ ရှင်ယောဟန်က ထိုလူများအား “နောင်တရကြပါ၊ ဘုရားရှင်၏နိုင်ငံတော် တည်လုနီးပြီ” ဟု ဟောပြောခဲ့ပါသည်။

Frame 24-03

လူများက ရှင်ယောဟန်ပြောသောသတင်းစကားအား ကြားသောအခါတွင် များစွာသောလူတို့သည် သူတို့၏အပြစ်များအတွက် နောင်တရကြသဖြင့် ရှင်ယောဟန်က ရေနှစ်မင်္ဂလာပြုပေးလေသည်။ များစွာသော ဘာသာရေးခေါင်းဆောင်များသည် ရှင်ယောဟန်ထံသို့ လာကြသော်လည်း သူတို့မှာ နောင်တရခြင်း မရှိ၊သူတို့၏အပြစ်များအား ဝန်ခံခြင်းမပြုကြပေ။

Frame 24-04

အရှင်ယောဟန်သည် ဘာသာရေးခေါင်းဆောင်များအား “မြွေဆိုး၊ သင်တို့၏ အကျင့်စရိုက်များအား ပြုပြင်ပြောင်းလဲရန်နောင်တရကြပါ။ ဘုရားရှင်သည် အသီးကောင်း မသီးသောအပင်ဟူသမျှ ကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်” ဟု ပြောကြားလေသည်။ထို့ကြောင့် “သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏ ရှေ့တော်ပြေး တမန်တော်တစ်ဦးကိုသင့်ထက်အလျင်စေလွှတ်တော်မူမည်” ဟူ၍ရှေ့ဖြစ်ဟောပညာရှိတို့ဟောကြားခဲ့သည်များမှာပြည့်စုံမှန်ကန်လေတော့သည်။

Frame 24-05

အချို့သော ဘာသာရေးခေါင်းဆောင်များသည် အရှင်ယောဟန်အား “မေရှိယ” ဟုတ်၊မဟုတ် မေးကြလေသည်။ အရှင်ယောဟန်က “ကျွန်ုပ်သည် မေရှိယမဟုတ်ပါ။ သို့သော် သူသည် ကျွန်ုပ်၏ နောက်တွင် ပေါ်ထွန်းလာလိမ့်မည်။ သူသည် အလွန်ကြီးကျယ်မြင့်မြတ်သောကြောင့် ကျွန်ုပ်သည် သူ၏ဖိနပ်ကြိုးကိုဖြည်ပေးရန်ပင် မထိုက်တန်ပါ” ဟု ပြန်လည်ဖြေကြားလိုက်ပါသည်။

Frame 24-06

နောက်တစ်နေ့တွင် ရှင်ယောဟန်ထံ၌ ကိုယ်တော်ယေရှုသည် ရေနှစ်မင်္ဂလာပြုလုပ်ရန် ကြွရောက်လာလေသည်။ ရှင်ယောဟန်သည် သူ့အားတွေ့သောအခါတွင် “ လောကသားတို့၏ဒုစရိုက် အပြစ်များအား အဝေးသို့ ယူဆောင်တော်မူမည့်ဘုရားရှင်၏ သိုးသူငယ်ကို ကြည့်ရှုကြလော့” ဟု ပြောကြားလိုက်လေသည်။

Frame 24-07

ရှင်ယောဟန်က ကိုယ်တော်ယေရှုအား “ကျွန်ုပ်သည် အရှင့်အားရေနစ်မင်္ဂလာပြုပေးရန်ထိုက်တန်သူမဟုတ်ပါ။အရှင်ကသာ ကျွန်ုပ်အား ရေနှစ်မင်္ဂလာပြုလုပ်ပေးရပါမည်ဟု ပြောကြားလေသည်”။ သို့သော် ကိုယ်တော်ယေရှုသည် “သင်သည် ကျွန်ုပ်အား ရေနှစ်မင်္ဂလာပြုပေးရန်သင့်တော်သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် မှန်ကန်သောအကြောင်းတရားဖြစ်သောကြောင့်ဖြစ်သည်” ဟု မိန့်ကြားတော်မူလေသည်။ ထို့ကြောင့် ကိုယ်တော်ယေရှုသည် မည်သည့်အခါမျှ အပြစ်ကျူးလွန်ခြင်း မရှိသော်လည်း ရှင်ယောဟန်မှ ရေနှစ်မင်္ဂလာပြုလုပ်ပေးလိုက်လေသည်။

Frame 24-08

ကိုယ်တော်ယေရှုသည် ရေနှစ်မင်္ဂလာခံယူပြီး ရေထဲမှ ထွက်ပေါ်လာစဉ်တွင် ဘုရားရှင်၏ဝိညာဉ်တော်သည် ချိုးငှက် အသွင်ဖြင့် ပေါ်လာပြီး ကိုယ်တော်ယေရှုအပေါ်သို့ နားတော်မူ၏။တစ်ချိန်တည်းမှာပင် ဘုရားရှင်သည်မိုးကောင်းကင်မှ "ဤသူသည် ငါ၏ချစ်သားဖြစ်သည်။သူ့ကိုငါ နှစ်သက်မြတ်နိုးတော်မူ၏။" ဟု မိန့်တော်မူလေသည်။

Frame 24-09

ဘုရားရှင်က အရှင်ယောဟန်အားဤသို့မိန့်တော်မူထားခဲ့သည်။ “သင်ရေနစ်မင်္ဂလာပြုပေးသူတစ်ဦးအပေါ်၌ ဝိညာဉ်တော်သည် ဆင်းသက်လာပြီးနားတော်မူလိမ့်မည်။ ထိုသူသည် ဘုရားရှင်၏ သားတော်ဖြစ်သည်” ဟုမိန့်တော်မူထားခဲ့သည်။ဘုရားရှင်သည် တစ်ဆူတည်းသောဘုရားဖြစ်ပါသည်။ သို့သော် အရှင်ယောဟန် သည်ကိုယ်တော်ယေရှုအား ရေနှစ်မင်္ဂလာပြုပေးနေစဉ်အချိန်တွင် သူသည်အဖဘုရားရှင်၏ မိန့်တော်မူသောအသံတော်ကို ကြားခဲ့ရပြီးဘုရား၏ သားတော်ယေရှုထံသို့ဝိညာဉ်တော်သက်ရောက်ခြင်းအားလည်း တွေ့မြင်ခဲ့ရလေသည်။

မဿဲကျမ်း၃:မာကု၁;-၉-၁၁;လုကာ၃;၃း၁-၂၃