၃၂။မကောင်းဆိုးဝါးပူးခံနေရသည့် အမျိုးသားတစ်ဦးနှင့် ရောဂါသည်အမျိုးသမီးတစ်ဦးအား ကိုယ်တော်ယေရှုကကုသပေးတော်မူခြင်း
ကိုယ်တော်ယေရှုနှင့် သူ၏နောက်လိုက်တပည့်များသည် သူတို့၏လှေပေါ်သို့တက်ခါ ဂါရစလူမျိုးများနေထိုင်သော နေရာဒေသသို့သွားရောက်ကြလေသည်။ သူတို့သည်ထိုအရပ်သို့ရောက်သောအခါလှေပေါ်မှဆင်းလိုက်ကြ၏။
ထိုနေရာတွင် မကောင်းဆိုးဝါးပူးကပ်နေသည့် အမျိုးသားတစ်ဦးရှိ၏။
ထိုလူမှာအလွန်သန်မာသဖြင့် မည်သူမျှသူ့အားထိန်းထား၍မရ၊သူ၏လက်နှင့်ခြေထောက်များကို သံကြိုးများဖြင့် မြဲမြံစွာချည်နှောင်ထားသော်လည်း သူသည်ထိုသံကြိုးများကိုဆွဲဖြတ်ပစ်လေသည် ။
ထိုလူသည် သင်္ချိုင်းအုတ်ဂူများကြားတွင် နေထိုင်လေ့ရှိသည်။ ထိုလူသည် အဝတ်များဝတ်ဆင်ခြင်းမရှိဘဲ နေ့ညမပြတ်အော်ဟစ်နေပြီး သူ့ကိုယ်သူကျောက်စောင်းများနှင့် မကြာခဏလှီးဖြတ်လေ့ရှိသည်။
ထိုလူသည်ကိုယ်တော်ယေရှုထံသို့ပြေးလာပြီး ရှေ့တော်တွင် ဒူးထောက်ပျပ်ဝပ်လိုက်လေသည်။ ထို့နောက်ကိုယ်တော်ယေရှုသည် ထိုလူထံတွင်ရှိသော မကောင်းဆိုးဝါး အား"ဤလူ့ထံမှထွက်ခဲ့ပါ" ဟူ၍မိန့်တော်မူလိုက်လေသည်။
ထိုမကောင်းဆိုးဝါးသည်ကျယ်လောင်သောအသံဖြင့် "အကြီးမြတ်ဆုံးသော ဘုရား၏သားတော်ကိုယ်တော်ယေရှု ကျွန်တော်မျိုးအားမည်သို့ပြုလုပ်တော်မူပါမည်နည်း"ဟူ၍ လျှောက်ထားလေသည်။ ထိုအခါကိုယ်တော်ယေရှုသည် ထိုမကောင်းဆိုးဝါးအား "မင်းနာမည်ဘယ်လိုခေါ်သလဲ"ဟုမေးမြန်းလေသည်။ "ကျွန်တော်မျိုးတို့တွင်အရေအတွက်အားဖြင့်မြောက်များစွာရှိသဖြင့်ကျွန်တော်မျိုး၏ နာမည်ကို လေဂေါင်ဟုခေါ်ပါသည်"ဟူ၍ ပြန်လည်လျှောက်ထားလေသည်။
မကောင်းဆိုးဝါးများသည် ကိုယ်တော်ယေရှုအား "ကျွန်တော်မျိုးတို့အား ဒီအရပ်ဒေသမှ မောင်းမထုတ်ပါနှင့်"ဟူ၍ တောင်းပန်လျှောက်ထားလေသည်။ အနီးအနားတစ်ဝိုက်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် အစာစားနေကြသော ဝက်အုပ်တစ်အုပ်ရှိလေသည်။ ထိုအခါတွင် မကောင်းဆိုးဝါးများသည် ကိုယ်တော်ယေရှုအား "ကျွန်တော်မျိုးတို့အား သနားသောအားဖြင့် ဝက်အုပ်ထဲသို့ပူးဝင်ခွင့်ပေးတော်မူပါ"ဟု တောင်းပန်လျှောက်ထားသဖြင့် ကိုယ်တော်ယေရှုသည် "ကောင်းပြီ သူတို့ထံသို့သွားပါ" ဟူ၍ ခွင့်ပြုတော်မူလေသည်။
ထိုအခါတွင်မကောင်းဆိုးဝါးများသည် ထိုလူထံမှထွက်သွား၍ ဝက်များကိုပူးဝင်သွားသဖြင့် ဝက်များသည် မတ်စောက်သောကမ်းပါးအတိုင်း ပြေးသွားရာကမ်းပါးထက်မှပြုတ်ကျ၍ရေနစ်သေဆုံး သွားကြလေသည်။ ထိုဝက်အုပ်တွင် ဝက်အကောင်ပေါင်းနှစ်ထောင်ခန့်ပါဝင်ပါသည်။
ထိုဝက်များအား ထိန်းကျောင်းနေသူများသည် ဤ အဖြစ် အပျက် အားမြင်သောအခါ ရွာထဲသို့ပြေးဝင်သွားပြီး ကိုယ်တော်ယေရှု ပြုလုပ်ခဲ့သည့် အရာများကို လူတိုင်းအားပြောပြကြလေသည်။ ရွာထဲရှိလူများလာရောက်ကြသောအခါတွင် မကောင်းဆိုးဝါးများ ဝင်ပူးခြင်းခံခဲ့ရသော သူသည်သာမန်လူတစ်ဦးကဲ့သို့အဝတ်များဝတ်ဆင်ထားကာငြိမ်သက်စွာထိုင်နေသည်ကို တွေ့မြင်ကြရလေသည်။
လူအများသည် အလွန်ထိတ်လန့်တုန်လှုပ်သွားသွားကြပြီး ကိုယ်တော်ယေရှုအား ထွက်ခွါသွားရန် တောင်းဆိုကြလေသည်။ ထို့ကြောင့် ကိုယ်တော်ယေရှုသည် လှေပေါ်သို့ တက်ရောက်သွားရာ မကောင်းဆိုးဝါးများပူးခံခဲ့ရသူမှ ကိုယ်တော်ယေရှုနှင့်အတူ လိုက်ပါခွင့်ပြုရန်တောင်းပန်လေသည်။
သို့သော်ကိုယ်တော်ယေရှုသည် ထိုလူအား "မလိုက်ပါနှင့်၊ သင့်အိမ်သို့သွားလိုက်ပါ။ ဘုရားရှင်က သင့်အပေါ်ထားရှိသောဂရုဏာတော်နှင့်ပြုတော်မူခဲ့သောအရာတို့ကိုလူတိုင်းအားပြောပြလိုက်ပါ"ဟူ၍ ထိုလူအား မိန့်တော်မူလေသည်။
ထို့ကြောင့်ထိုလူသည်ထွက်ခွာသွားပြီး နောက်ကိုယ်တော်ယေရှုကသူ့အားပြုလုပ်တော်မူခဲ့သည့် အကြောင်းများအား လူတိုင်းကိုလိုက်လံပြောပြလေသည်။ သူ၏ဖြစ်ရပ်ကိုကြားရသူတိုင်းကလည်း အလွန်အံ့ဩကြလေသည်။
ကိုယ်တော်ယေရှုသည် ရေအိုင်၏အခြားတစ်ဖက်ကမ်းသို့ ပြန်လည်ကြွရောက်တော်မူလေသည်။ ကိုယ်တော်ယေရှုတစ်ဖက်ကမ်းသို့ရောက်သောအခါတွင် ကြီးမားသောလူတစ်စုသည် သူ၏အနားတွင် ဝိုင်းဝန်းတိုးကြိတ်နေကြသည်။ ထိုလူအုပ်ထဲတွင် သွေးသွန်ရောဂါအား တစ်ဆယ့်နှစ်နှစ်ခန့် ခံစားနေရသော ရောဂါသည်အမျိုးသမီးတစ်ဦးပါဝင်လေသည်။ သူမအားဆေးကုသပေးရန် သူမ၏ငွေကြေးအားလုံးကိုဆရာဝန်များအား ပေးထားခဲ့သော်လည်းသူမ၏ရောဂါဝေဒနာမှာ ပိုမို၍ဆိုးရွားလာလေသည်။
ကိုယ်တော်ယေရှုကလူနာပေါင်းအမြော က်အများတို့ကိုရောဂါများပျောက်ကင်းစေတော်မူကြောင်းကိုလည်းသူမကြားသိထားသောကြောင့် "ကိုယ်တော်ယေရှု၏ဝတ်ရုံတော်အား ငါတို့ထိရလျှင် ငါ့ရောဂါ ပျောက်လိမ့်မည်"ဟူ၍ တွေးတောလေ၏။ ထို့ကြောင့်သူမသည် ကိုယ်တော်ယေရှု၏ အနောက်မှလိုက်ပါ၍ ဝတ်ရုံတော်အား တို့ထိလိုက်လေသည်။ထိုသို့ထိကိုင်သည့်အချိန်အခိုက်အတန့်မှာပင်သွေးသွန်ရောဂါပျောက်ကင်းသွားလေသည်။
ချက်ခြင်းပင် ကိုယ်တော်ယေရှုသည် သူ့ထံမှတန်ခိုးတော်ထွက်သွားသည်ကို သတိထားမိလိုက်သဖြင့် အနီးအနားသို့လှည့်ကြည့်လိုက်ပြီး "ငါ့ကိုဘယ်သူလာထိတာလဲ"ဟူ၍ မေးတော်မူ လေသည်။ တပည့်တော်များက "ကိုယ်တော်၏အနားတွင် လူများစွာတို့ဝှေ့နေသဖြင့် "ငါ့ကိုဘယ်သူလာထိတာလဲ"ဟု အဘယ်ကြောင့်မေးတော်မူပါသနည်း"ဟူ၍ ပြန်လည်မေးလျှောက် လေသည်။
ထိုအမျိုးသမီးသည် ကိုယ်တော်ယေရှုရှေ့တော်မှောက်တွင်ဒူးထောက်ပျပ်ဝပ်လျှက်ကြောက်ရွံ့တုန်လှုပ်နေလေသည်။ ထို့နောက်ကိုယ်တော်ယေရှုအား သူမပြုလုပ်ခဲ့မိသောအကြောင်း အရာများကို ပြောပြလျှောက်တင်ခဲ့ပြီး သူမ၏ရောဂါပျောက်ကင်းသွားပုံကိုလည်း ပြောပြလေသည်။ ကိုယ်တော်ယေရှုသည် သူမအား"သင်၏ယုံကြည်မှုက သင့်ကိုကျန်းမာစေပြီ၊ စိတ်ချမ်းသာစွာသွားပါ"ဟူ၍ မိန့်တော်မူလေသည်။
မဿဲ ၈:၂၈-၃၄; ၉:၂၀-၂၂; မာကု ၅:၁-၂၀; ၅:၁-၂၀;၅:၂၄ခ-၃၄;လုကာ ၈:၄၂ခ-၄၈