၂၆။ကိုယ်တော်ယေရှု စတင်၍အမှုတော်ဆောင်ရွက်ခြင်း
ကိုယ်တော်ယေရှုသည် စာတန်မာရ်နတ်၏စုံစမ်း သွေးဆောင်မှုများကို ငြင်းပယ်တော်မူပြီးနောက် ဂါလိလဲဒေသသို့ ပြန်လည်ကြွလာခဲ့လေသည်။ ထိုနေရာသည် သူနေခဲ့သည့်နေရာဖြစ်လေသည်။ဘုရားရှင်၏ဝိညာဉ်တော်သည် သူ့အား ဘုန်းတန်ခိုးတော်များစွာ ပေးအပ်၍ကိုယ်တော်ယေရှုသည် တစ်နေရာမှတစ်နေရာ သို့ကြွတော်မူကာလူများအားဟောပြောသွန်သင်တော်မူလေသည်။။ လူတိုင်းကလည်းကိုယ်တော်၏ သတင်းကောင်းများကို ချီးမွမ်းပြောဆိုကြလေသည်။
ကိုယ်တော်ယေရှုသည် နာဇရက်မြို့သို့ကြွရောက်တော်မူခဲ့လေသည်။ထိုမြို့သည် သူငယ်စဉ်က နေထိုင်ခဲ့သောနေရာလည်း ဖြစ်သည်။ သူသည် ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်သောနေရာသို့ ကြွရောက်ခဲ့ပြီး ထိုနေရာရှိ ဘာသာရေးခေါင်းဆောင်များသည် ရှေ့ဖြစ်ဟောပညာရှိဟေရှာယ၏ကျမ်းစာလိပ်တစ်လိပ်ကို ကိုယ်တော်ယေရှုအား ကမ်းပေးလိုက်လေသည်။ ထို့ကြောင့် ကိုယ်တော်ယေရှုသည် ထိုစာလိပ်တွင်ရှိသည့်စာပိုဒ်တချို့အား လူများကို ဖတ်ပြတော်မူခဲ့လေသည်။
ကိုယ်တော်ယေရှုက “ ဆင်းရဲသားများအတွက် သတင်းကောင်းပြောကြားရန်ဘုရားရှင်ကသူ၏ဝိညာဉ်တော်ကိုငါ့အားအပ်နှင်းတော်မူ၏ ။ အချုပ်အနှောင်ခံနေရသူများ အား လွတ်မြောက်စေမည်၊။မျက်မမြင်များမျက်စိအလင်းရလာစေရန်နှင့် နှိပ်စက်ညှင်းဆဲခံရသောသူများ ကယ်လွတ်စေရန်အတွက်ဘုရားရှင်သည် ငါ့အားစေလွှတ်တော်မူပြီ။ ဘုရားရှင်သည် မိမိတို့အားသနားညှာတာ၍ကူညီစောင်မတော်မူလိမ့်မည်” ဟုဖတ်ပြတော်မူလေသည်။
ကျမ်းစာလိပ်ကိုဖတ်ပြတော်မူပြီးနောက် ကိုယ်တော်ယေရှုသည်ထိုင်တော်မူလေသည်။လူများက သူ့အားအသေအချာစောင့်ကြည့်ကြလေသည်။ သူတို့သည် ကိုယ်တော်ယေရှု ဖတ်လိုက်သောစာပိုဒ်၏ အကြောင်းအရာမှာ မေရှိယအကြောင်း ဖြစ်နေသည်ကိုသိကြ၏။ကိုယ်တော်ယေရှုက"သင်တို့ ကြားနာခဲ့ရသော အကြောင်းအရာတို့သည် ယနေ့အကောင်အထည်ပေါ်လေပြီ” ဟု မိန့်တော်မူလေသည်။ လူတိုင်းက အံ့ဩသွားကြပြီး “ဒီလူဟာ ယောသပ်၏သား မဟုတ်လား” ဟုပြောကြလေသည်။
ထို့နောက် ကိုယ်တော်ယေရှုက “မည်သည့်ရှေ့ဖြစ်ဟောပညာရှိကိုမဆို သူ့ဌာနေရင်း မှလူတို့သည် လက်သင့်မခံတတ်ကြ။ ရှေ့ဖြစ်ဟောပညာရှိ ဧလိယခေတ်၌ လည်းဣသရေလတွင် မုဆိုးမများစွာ ရှိပါသည်။ သို့သော် သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးခေါင်၍အစာငတ်မွတ်သောဘေးဆိုက်ရောက်သောအခါတွင် ဘုရားရှင်သည် ဧလိယအား ဣသရေလတွင်ရှိသော မုဆိုးမများထံသို့စေလွှတ်တော်မမူဘဲအခြားသောတိုင်းပြည်မှ မုဆိုးမတစ်ဦးထံသို့ သာစေလွှတ်တော်မူခဲ့လေသည်” ဟူ၍ မိန့်တော်မူလေသည်။
ကိုယ်တော်ယေရှုသည် ဆက်လက်၍ “ရှေ့ဖြစ်ဟောပညာရှိ ဧလိရှဲ၏ လက်ထက်တွင်လည်း ဣသရေလရှိများစွာသော လူများသည် အရေပြားရောဂါစွဲကပ်နေကြပါသည်။ သူသည် ဣသရေလရှိ အနာကြီးရောဂါသည်များအား ကုသပေးခြင်းမရှိဘဲ ဣသရေလရန်သူဗိုလ်မှူးနေမန်၏ အနာကြီးရောဂါကိုသာ ကုသပေးခဲ့လေသည်။” ဟုမိန့်တော်မူလေသည်။ သို့သော် ကိုယ်တော်ယေရှု၏ စကားအားနားထောင်နေသောသူများသည်ဣသရေလလူမျိုးများဖြစ်ကြသဖြင့်သူ့ကို အလွန်ပင်အမျက်ဒေါသထွက်ကြလေသည်။
နာဇရက်မြို့သားများသည် ကိုယ်တော်ယေရှုအား ဖမ်းဆီးရသောအခါဝတ်ပြုကိုးကွယ်သောနေရာမှ ဆွဲထုတ်သွားကြလေသည်။ သူတို့သည် ကိုယ်တော်ယေရှုအား သတ်ပစ်ရန်ချောက်ကမ်းပါးတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ သို့သော် ကိုယ်တော်ယေရှုသည် လူအုပ်ကြားမှ ရှောင်တိမ်း၍နာဇရက်မြို့မှ ထွက်ခွာသွားတော်မူလေသည်။
ထို့နောက် ကိုယ်တော်ယေရှုသည် ဂါလိလဲဒေသအား ကြွမြန်းတော်မူစဉ်တွင် များစွာသော လူများသည် ကိုယ်တော်ယေရှုထံသို့ လာရောက်ကြလေသည်။ လူများသည် ရောဂါသည်များနှင့် ဒုက္ခိတများကိုကိုယ်တော်ယေရှုထံသို့ ခေါ်ဆောင်လာကြလေသည်။ကိုယ်တော်သည် မျက်မမြင်များ၊ဒုက္ခိတများ၊ ဆွံ့အနားမကြားသူများးအားအနာရောဂါငြိမ်းစေတော်မူလေ သည်။
ထို့နောက် မကောင်းဆိုးဝါးပူးကပ်ခံနေရသူများလည်း ကိုယ်တော်ယေရှုထံသို့ လာရောက်ကုသကြလေသည်။ ကိုယ်တော်ယေရှုက ထိုမကောင်းဆိုးဝါးများအား ထွက်လာရန် အမိန့်ပေးသောအခါတွင်လည်း ထိုမကောင်းဆိုးဝါးများ ထွက်လာကြပါသည်။ ထိုမကောင်းဆိုးဝါးများ က မကြာခဏဆိုသလို “သင်သည် ဘုရားရှင်၏သားတော်ဖြစ်သည်” ဟု အော်ဟစ်ကြပါသည်။ လူများက ထိုကဲ့သို့ကြားသဖြင့် အံ့ဩသွားကာ ဘုရားရှင်၏ဂုဏ်တော်အား ချီးမွမ်းကြပါသည်။
ထို့နောက် ကိုယ်တော်ယေရှုသည် အထူးကိုယ်စားလှယ်အဖြစ်သူ၏တပည့်များထဲမှ တပည့်တော်တစ်ဆယ့်နှစ်ယောက်အား ရွေးချယ်စေသည်။ သူသည် ထိုလူများအား တပည့်တော်များ ဟုခေါ်စေပြီး ထိုတပည့်တော်များသည် ကိုယ်တော်ယေရှုနှင့်အတူတကွ ခရီးသွားလာကာကိုယ်တော်၏သွန်သင်မှုကိုသင်ယူလေ့လာကြလေသည်။
မဿဲ၄း၁၂-၂၅; မာကု ၁း၁၄-၁၅, ၃၅-၃၉; ၃း၁၃-၂၁; လုကာ၄း၁၄-၃၀,၃၈-၄၄