ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၂၇။သနားကြင်နာတတ်သောရှမာရိတန်၏ပုံဥပမာ

Frame 27-01

တစ်နေ့သောအခါတွင် ကျမ်းတတ်ဆရာတစ်ဦးသည် ကိုယ်တော်ယေရှုထံသို့လာရောက်ခဲ့လေသည်။ ထိုကျမ်းတတ်ဆရာသည် ကိုယ်တော်ယေရှု၏သွန်သင်ချက်များမှာမှားယွင်းနေကြောင်းကို လူတိုင်းအား ပြသလိုသည်။။ ထို့ကြောင့် သူက "ဆရာတော်၊ ကျွန်ုပ်သည် နိစ္စထာဝရအသက်အား ရရှိစေရန်မည်သို့လုပ်ဆောင်ရမည်နည်း"ဟုမေးလျှောက်သဖြင့် "ဘုရားရှင်၏ ပညတ်တော်ထဲတွင်မည်သို့ ရေးသားဖော်ပြထားသနည်း"ဟု ကိုယ်တော်ယေရှုက ပြန်လည်မေးမြန်းတော်မူလေသည်။

Frame 27-02

ထိုလူက ဘုရားရှင်၏ပညတ်တော်ထဲတွင် မိန့်ကြားထားသည်မှာ "ထာဝရဘုရားရှင်ကိုသင်တို့၏ကိုယ်စိတ်နှလုံး၊သုံးပါးလုံးဖြင့်စိတ်အားထက်သန်စွာချစ်ခင်မြတ်နိုးပါ။ သင်၏အိမ်နီးချင်းများကို လည်းကိုယ်ချင်းစာတရားဖြင့်ချစ်ခင်ပါဟူ၍ရေးသားထားပါသည်" ဟု ပြန်လည်လျှောက်ထားလေသည်။ ထိုအခါတွင် ကိုယ်တော်ယေရှုက"သင်၏အဖြေမှာ မှန်ကန်မှုရှိပါသဖြင့် သင်သည် ဤကဲ့သို့ လုပ်ဆောင်လျှင် နိစ္စထာဝရအသက်အား ရရှိမည်ဖြစ်သည်" ဟူ၍ပြန်လည်မိန့်တော်မူလေသည်။

Frame 27-03

သို့သော် ကျမ်းတတ်ဆရာက သူ၏အသက်ရှင်ရပ်တည်ခြင်းသာ မှန်ကန်ကြောင်း ပြသလိုသဖြင့် သူသည် ကိုယ်တော်ယေရှုအား "ဤသို့ဆိုလျှင် မည်သူသည်ကျွန်ုပ်၏အိမ်နီးချင်း ဖြစ်ပါသနည်း" ဟုမေးလေသည်။

Frame 27-04

ကိုယ်တော်ယေရှုက ကျမ်းတတ်ဆရာအား ပုံပြင်တစ်ပုဒ်ဖြင့် ပြန်လည်ဖြေကြားလိုက်ပါသည်။ "ယုဒလူမျိုးတစ်ယောက် သည်ယေရုရှလင်မှ ယေရိခေါသို့ ခရီးသွားလေ၏"။

Frame 27-05

သို့သော်သူသည်လမ်းတွင် ဓါးပြတိုက်ခံရလေသည်။ဓါးပြတို့သည် သူ့တွင်ပါလာသော ပစ္စည်းများအားလုံးကို လုယူကာသေလုမျောပါးဖြစ်အောင် ရိုက်နှက်၍ ပစ်ထားခဲ့ကြလေသည်။

Frame 27-06

ထို့နောက်မကြာခင်အချိန်တွင် ယုဒဘာသာရေးခေါင်းဆောင်တစ်ဦးသည် ထိုလမ်းအတိုင်းခရီးပြုလာစဉ်ထိုလူလဲကျနေသည်ကိုတွေ့မြင်ခဲ့ရပါသည်။ ထိုဘာသာရေးခေါင်းဆောင် သည်ထိုလူအားမမြင်ချင်ဟန်ဆောင်ကာ ရှောင်ကွင်း၍ခရီးဆက်ခဲ့လေသည်။"

Frame 27-07

"မကြာမီအချိန်တွင် လေဝိ အနွယ်ဝင်တစ်ဦးသည် ထိုလမ်းအတိုင်း လာရောက်လေသည်။ (လေဝိအနွယ်ဝင်များသည်ဣသရေလအနွယ်တစ်ခုဖြစ်ပြီးဗိမာန်တော်တွင် ဘာသာရေးခေါင်းဆောင်များအား ကူညီသော သူများဖြစ်ကြသည်။)ထို လေဝိသည်လည်း ထိုလူအား မမြင်ချင်ယောင်ဆောင်၍ ရှောင်ကွင်း၍သွားလေ၏။"

Frame 27-08

"ထိုလမ်းတစ်လျှောက်လာသော နောက်လူတစ်ဦးမှာ ရှမာရိမှ လူတစ်ဦးဖြစ်ပါသည်။ (ရှမာရိတန်များနှင့်ဣသရေလလူမျိုးတို့မှာရန်ဘက်များဖြစ်ကြ၏။) ထိုရှမာရိတန်သည် လမ်းတွင်လဲကျနေသောအား ထိုလူအားတွေ့ခဲ့လေသည်။ သူသည် ထိုလူမှာ ယုဒလူမျိုးတစ်ဦးဖြစ်နေသည်ကို တွေ့မြင်ရသော်လည်း သူ့အားကူညီလိုသောစိတ်အလွန်ပြင်းပြလျက်ရှိလေသည်။ ထို့ကြောင့် ရှမာရိတန်သည် ထိုလူ၏အနာဒါဏ်ရာများအား ဆေးထည့်၍ပတ်တီးစည်းပေးလေသည်။"

Frame 27-09

"ထို့နောက် ရှမာရိတန်လူမျိုးသည် သူ၏မြင်းပုလေးပေါ်သို့ ကိုယ်တိုင်ထမ်းတင်ပြီး အနီးအနားတွင်ရှိသော တည်းခိုရိပ်သာသို့ ခေါ်ဆောင်သွားခဲ့ပြီးထိုနေရာတွင် ထိုသူအား ဆက်လက်၍ပြုစုပေးလေသည်။"

Frame 27-10

"နောက်နေ့တွင် ရှမာရိတန်လူမျိုးသည် သူ၏ခရီးအားဆက်လက်သွားရန်လိုအပ်လာသောအခါ သူသည် တည်းခိုရိပ်သာပိုင်ရှင်အား ငွေအနည်းငယ်ပေး၍ 'ထိုဒဏ်ရာရနေသူအား ဂရုစိုက်ပေးပါ၊ ယခုပေးသောငွေပမာဏထက်ပို၍ သုံးရလျှင် ၎င်းငွေအားကျွန်ုပ်ပြန်ပေးပါမည်။'"ဟုမှာကြားခဲ့လေသည်။

Frame 27-11

ထို့နောက် ကိုယ်တော်ယေရှုသည် ကျမ်းတတ်ဆရာအား "သင်မည်ကဲ့သို့ထင်သနည်း။ ထိုလူသုံးဦးအနက်"ဓါးပြတိုက်ခံရသူ၏အိမ်နီးချင်းမှာ မည်သူနည်း"ဟု မေးမြန်းတော်မူလိုက်လေသည်။ "သူ့အားသနားကြင်နာစွာပြုစုသူဖြစ်ပါသည်။"ဟု ပြန်လည်ဖြေကြားလိုက်သောအခါ ကိုယ်တော်ယေရှုက"သင်လည်း ထိုနည်းတူဆောင်ရွက်သွားပါ"ဟု မိန့်တော်မူလိုက်လေသည်။

လုကာ ၁၀:၂၅-၃၇