ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၃၉။တရားလွှတ်တော်တွင်ကိုယ်တော်ယေရှုအားစစ်ဆေးမေးမြန်းကြခြင်း

Frame 39-01

အချိန်မှာ ညသန်းခေါင်အချိန်သို့ရောက်ရှိနေပြီဖြစ်သည်။ စစ်သားများသည် ကိုယ်တော်ယေရှုကို မေးခွန်းအချို့အား မေးမြန်းစစ်ဆေးရန် သာသနာရေးဆိုင်ရာ မဟာနာယက၏နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။ စစ်သားများက ကိုယ်တော်ယေရှုအား အိမ်ထဲသို့ခေါ်ဆောင်သွားချိန်တွင် ပေတရုမှာ အပြင်ဘက်တွင် မီးလှုံပြီး စောင့်နေလေသည်။

Frame 39-02

အိမ်ထဲသို့ရောက်သောအခါတွင် ဣသရေလခေါင်းဆောင်များသည် ကိုယ်တော်ယေရှုအား ရုံးတင် စစ်ဆေးလေတော့သည်။ သူတို့သည် လိမ်လည်လှည့်ဖျား၍ မျက်မြင်သက်သေပြုလုပ်ကြမည့် လူသက်သေများစွာကိုလည်း ခေါ်ဆောင်ထားလေသည်။ သို့သော်စွပ်စွဲချက်များသည် တစ်ခုနှင့်တစ်ခု ကိုက်ညီခြင်းမရှိသဖြင့် ကိုယ်တော်ယေရှုအား အပြစ်ရှိကြောင်းစွပ်စွဲ၍ မရကြ။ ကိုယ်တော် ယေရှုမှာမူ မည်သည့်စကားမျှ မပြောဘဲဆိတ်ဆိတ်နေလေ၏။

Frame 39-03

နောက်ဆုံးတွင် သာသနာရေးဆိုင်ရာ မဟာနာယကကြီးသည် ကိုယ်တော်ယေရှုအား စေ့စေ့ကြည့် ပြီးလျှင် “သင်ဟာအသက်ထင်ရှားရှိတဲ့ ဘုရားရဲ့သားတော် မေရှိယဆိုတာဟုတ်သလား” ဟူ၍ မေးမြန်းလေသည်။

Frame 39-04

ကိုယ်တော်ယေရှုက “သင်ပြောသည့်အတိုင်းပင်ဖြစ်၏။ အနန္တတန်ခိုးတော်အရှင်ဘုရားနှင့်အတူ ထိုင်၍နိဗ္ဗာန်ရွှေမြို့တော်မှကြွလာတော်မူသည်ကိုသင်တွေ့ရလိမ့်မည်”ဟူ၍ ပြန်လည်မိန့်ကြားတော်မူလေသည်။ သာသနာရေးဆိုင်ရာ မဟာနာယကသည် ကိုယ်တော်ယေရှုပြန်ပြောသည့်စကားကိုကြားလျှင် အမျက်ဒေါသ ပြင်းစွာထွက်ပြီး သူ၏ အဝတ်အစားများအား ဆုတ်ဖြဲလိုက်လေသည်။ သူသည် အခြားခေါင်းဆောင်များအား “မင်းတို့ အားလုံး သူပြောတဲ့စကားကိုကြားကြတယ်မလား၊ ဒါဆိုရင် ငါတို့အခြားသက်သေမလိုတော့ဘူး၊ မင်းတို့သူ့အပေါ် ဘယ်လိုဆုံးဖြတ်ကြမလဲ”ဟု အော်ဟစ်မေးမြန်းလေသည်။

Frame 39-05

သာသနာရေးဆိုင်ရာမဟာနာယကကြီး မေးမြန်းသည်ကို ဣသရေလခေါင်းဆောင်များအားလုံးက“သူဟာသေဒဏ်ထိုက်သူဘဲ”ဟု ပြန်လည်ဖြေကြားကြလေသည်။ ထို့နောက်သူတို့သည် ကိုယ်တော်ယေရှု၏ မျက်လုံးအားအဝတ်ဖြင့်စည်း၍တံတွေးဖြင့်ထွေးလိုက်၊လှောင်ပြောင် လိုက်ဖြင့်ဝိုင်းရိုက်ကြလေသည်။

Frame 39-06

ပေတရုမှာ အိမ်ခြံအပြင်တွင်စောင့်နေစဉ် အစေခံမတစ်ဦးက သူ့အားတွေ့မြင်သွားပြီး “ရှင်လည်း ယေရှုနဲ့အတူပါလာတဲ့တစ်ယောက်မဟုတ်လား”ဟု မေးမြန်းသဖြင့် ပေတရုက ငြင်းဆိုလေသည်။ ထို့နောက်တွင် နောက်အစေခံတစ်ယောက်မှ မေးမြန်းစဉ်တွင်လည်း ပေတရုမှာ ထပ်မံငြင်းဆို လေသည်။ နောက်ဆုံးတွင် လူအများက “မင်းတို့နှစ်ဦးလုံး ဂါလိလဲက လူတွေဖြစ်လို့ မင်းလည်းယေရှုနဲ့အပေါင်းပါဖြစ်တယ်ဆိုတာ ငါတို့သိတယ်”ဟူ၍ ပြောကြလေသည်။

Frame 39-07

ထို့နောက်ပေတရုက “ငါဒီလူ့ကို တကယ်မသိတာပါ၊ ဘုရားစူးရပါစေ” ဟူ၍ ပြန်လည်ပြောပြလေသည်။ ပေတရုကျိန်ဆိုပြီး သည်နှင့်ချက်ခြင်းပင် ကြက်တွန်လေသည်။ ကိုယ်တော်ယေရှုသည် ပေတရုအား လှည့် ကြည့်တော်မူလေသည်။

Frame 39-08

ပေတရုသည် အဝေးသို့ထွက်ပြေးသွားပြီးယူကြုံးမရဖြစ်ကာသည်းထန်စွာငိုကြွေးလေတော့သည်။ ထိုအခါတွင် ကိုယ်တော်ယေရှု အား သစ္စာဖေါက်သူ ယုဒသည် ယုဒလူမျိုးခေါင်းဆောင်များက ကိုယ်တော်ယေရှုအား သေဒဏ်ပေးမည်ကို တွေ့မြင်သွားသဖြင့် ဝမ်းနည်းပူဆွေး ၍အဝေးသို့ ထွက်သွားကာ မိမိကိုယ်ကို အဆုံးစီရင်သွားလေသည်။

Frame 39-09

ထိုအချိန်တွင် ပိလပ်သည် ရောမအစိုးရအတွက်တာဝန်ထမ်းဆောင်သူ အဖြစ်ပါသည်။ ဣသရေလခေါင်းဆောင်များသည် ပိလပ်ဘုရင်ခံမှ ကိုယ်တော်ယေရှုအား သေဒါဏ် ပေးစေလိုကြသည်။ ပိလပ်သည် ကိုယ်တော်ယေရှုအား “မင်းကယုဒလူမျိုးတွေရဲ့ ဘုရင်ဆိုတာ ဟုတ်သလား”ဟူ၍ မေးမြန်းလေသည်။

Frame 39-10

ကိုယ်တော်ယေရှုက “သင်ပြောတာမှန်၏။သို့သော် ငါ့၏နိုင်ငံတော်သည် ဤလောကနှင့်မသက်ဆိုင်၊ ဤလောကနှင့်သက်ဆိုင်သည်ဆိုလျှင် ငါ့တပည့်များကငါ့အတွက်ပြန်လည်တိုက်ခိုက် ပေးကြပါလိမ့်မည်၊ ငါသည် ဘုရားရှင်၏ သမ္မာတရားအကြောင်းကို ပြောပြလို၍ ဤကမ္ဘာမြေပေါ်ကိုကြွ လာတော်မူခြင်းဖြစ်သည်။သမ္မာတရားကို မြတ်နိုးသူတိုင်း ငါ့စကားကိုနားထောင်ကြ၏”ဟူ၍ မိန့်တော်မူလေသည်။ ပိလပ်ဘုရင်ခံကလည်း “သမ္မာတရားကားအဘယ်နည်း”ဟူ၍ ပြန်လည်မေးမြန်း လေသည်။

Frame 39-11

ပိလပ်သည် ကိုယ်တော်ယေရှုနှင့် စကားပြောဆိုပြီးနောက် လူထုရှေ့သို့ထွက်၍ “သူ့အားသေဒဏ်စီရင်ရန်အကြောင်းတစ်စုံတစ်ရာကိုမျှငါရှာမတွေ့ပါ”ဟူ၍ ပြောကြားလေသည်။ သို့သော် ယုဒဘာသာရေးခေါင်းဆောင်များနှင့် လူထုက “သူ့ကိုလက်ဝါးကပ်တိုင်သို့တင်၍သတ်ပါ” ဟူ၍အော်ဟစ်ကြပါသည်။ “သူသည် မည်သည့်အပြစ်မျှ ကျူးလွန်ထားခြင်းမရှိ။” ဟူ၍ ပိလပ်ဘုရင်ခံက ပြောကြားသော်လည်း လူထုမှ ပို၍သာကျယ်လောင်စွာ အော်ဟစ်လာကြလေသည်။ ထို့နောက် ပိလပ်သည် တတိယအကြိမ် “သူ့တွင်အပြစ်မရှိပါ”ဟူ၍ထပ်မံ ပြောကြားလေသည်။

Frame 39-12

ပိလပ်ဘုရင်ခံသည် လူထုကြီးအုံကြွကာရုန်းရင်းဆန်ခတ်ဖြစ်လာမည်ကိုစိုးရိမ်လာ၍ ကိုယ်တော်ယေရှုအား လက်ဝါး ကပ်တိုင်ပေါ်သို့တင်ရန် သူ၏စစ်သားများကို စေခိုင်းပေးမည်ဟု လူထုအား သဘောတူလိုက်ရ လေသည်။ ရောမစစ်သားများသည် ကိုယ်တော်ယေရှုကိုယ်ပေါ်တွင် တော်ဝင်ဝတ်ရုံအား ဝတ်ဆင်ပေး ၍ဆူးခက်သရဖူအား ဆောင်းပေးလိုက်လေသည်။ ထို့နောက်သူတို့သည် ကိုယ်တော်ယေရှုအား “ယုဒဘုရင်ကို ကြည့်ကြပါ”ဟူ၍ လှောင်ပြောင်ကြလေသည်။

မဿဲ ၂၆:၅၇-၂၇:၂၆ ; မာကု၁၄:၅၃-၁၅:၁၅;လုကာ ၂၂:၅၄-၂၃:၂၅ ; ယောဟန် ၁၈:၁၂-၁၉:၁၆