၁၇၊ ဘုရားရှင် နှင့် ဒါဝိဒ်ထားရှိသော ပဋိညာဉ်တော်
ရှောလုသည် ဣသရေလ၏ ပထမဆုံးဘုရင်ဖြစ်ပြီး လူအများနှစ်သက်သည့်ပုံစံအတိုင်း အရပ်ရှည်၍ ရုပ်ရည်ခံ့ညားသည်။ ရှောလုသည် ဣသရေလအား ပထမဆုံးအုပ်ချုပ်သောနှစ်အနည်းငယ်ခန့်တွင် ကောင်းမွန်သောဘုရင်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရားရှင်အား မလိုက်နာသည့် ဆိုးသွမ်းသောသူတစ်ဦးဖြစ်သွားလေသည်။ ထို့ကြောင့် ဘုရားရှင်သည် ၎င်း၏နေရာတွင် တစ်နေ့ ဘုရင်ဖြစ်လာမည့် အခြားလူတစ်ဦးအား ရွေးချယ်တော်မူလေသည်။
ရှောလုဘုရင်ဖြစ်လာပြီးနောက်၊ တစ်ချိန်တွင် ဘုရင်ဖြစ်လာမည့် ဒါဝိဒ် ဟုခေါ်သော ဣသရေလလူငယ်တစ်ဦးအား ဘုရားရှင်သည်ရွေးချယ် စီစဉ်တော်မူလေသည်။ ဒါဝိဒ်သည် ဗက်လင်မှ သိုးကျောင်းသားလေးတစ်ဦးဖြစ်ပြီး တစ်ချိန်က ဖခင်ဖြစ်သူ၏သိုးများအား ကြည့်ရှုထိန်းကျောင်းနေစဉ်တွင် လာရောက်တိုက်ခိုက်သော ခြင်္သေ့တစ်ကောင်နှင့် ဝက်ဝံတစ်ကောင်အား သတ်ခဲ့ဖူးလေသည်။ ဒါဝိဒ်သည် ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး ဘုရားရှင်အား ယုံကြည်ကိုးကွယ်သူတစ်ဦးလည်း ဖြစ်ပါသည်။
ဒါဝိဒ်သည် လူငယ်ဘဝတွင် ဂေါလျတ် အမည်ရှိ ဧရာမစစ်သည်တော် တစ်ဦးနှင့် တိုက်ခိုက်ဖူးလေသည်။ ဂေါလျတ်သည် အလွန်ထူးချွန်သော စစ်သားတစ်ဦးဖြစ်ပြီး အလွန်သန်မာ၍ အရပ်မှာ ကိုးပေကျော် ရှည်လေသည်။ သို့သော် ဒါဝိဒ်သည် ဂေါလျတ်ကိုသတ်၍ ဣသရေလအား ကယ်တင်နိုင်ရန်ဘုရားရှင်က ကူညီစောင်မတော်မူလေသည်။ ထို့နောက် ဒါဝိဒ်သည် ဣသရေလ၏ ရန်သူများအပေါ်တွင် အောင်မြင်မှုများရလာသဖြင့် အလွန်ကြီးမြတ် သော စစ်သည်တော်တစ်ဦး ဖြစ်လာလေသည်။ ဒါဝိဒ်သည် ဣသရေလစစ်တပ်၏ တိုက်ပွဲပေါင်းများစွာကို ဦးဆောင်ခဲ့သဖြင့် လူများက သူ့အား အလွန်အမင်းချီးကျူးကြလေသည်။
လူထုသည် ဒါဝိဒ်အား အလွန်ချစ်ခင်ကြသဖြင့် ရှောလုဘုရင်က သူအား မနာလိုဖြစ်လာလေသည်။ နောက်ဆုံးတွင် ရှောလုသည် ဒါဝိဒ်အား သတ်ရန်ကြံစည်လာသဖြင့် သူနှင့်သူ၏စစ်သားများထံမှ လွတ်မြောက်စေရန် တောကန္တာရထဲသို့ ထွက်ပြေးလေသည်။ ရှောလုဘုရင်နှင့် သူ၏စစ်သားများ ဒါဝိဒ်အား လိုက်ရှာနေသောတစ်နေ့တွင် ရှောလုဘုရင်သည် ဂူတစ်ခုထဲသို့ ဝင်ရောက်သွားလေသည်။ ထိုဂူသည် ဒါဝိဒ်ပုန်းနေသောဂူဖြစ်နေပြီး ရှောလုဘုရင်မှာ ၎င်းအား မတွေ့မြင်ခဲ့ပေ။ ဒါဝိဒ်သည် ရှောလုဘုရင်၏အနီးသို့ကပ်သွားပြီး ရှောလုဘုရင်၏ ဝတ်ရုံစတစ်စအား ဖြတ်ယူလိုက်လေသည်။ ထို့နောက် ရှောလုဘုရင် လှိုင်ဂူထဲမှ ထွက်ခွာသွားပြီးချိန်တွင် ဒါဝိဒ်သည် ရှောလုကိုဟစ်ခေါ်၍ သူဖြတ်ယူထားသော ဝတ်ရုံစကို ကိုင်ပြလေသည်။ဤနည်းဖြင့် ဒါဝိဒ်သည်ဘုရင်ဖြစ်ရန်အတွက် သူ့အား သတ်လိုခြင်းမရှိကြောင်းကို ရှောလုဘုရင်က သိရှိသွားလေသည်။
အချိန်ကြာသော် ရှောလုဘုရင်သည် တိုက်ပွဲတွင် သေဆုံးသွားခဲ့သဖြင့် ဒါဝိဒ်သည် ဣသရေလ၏ဘုရင်ဖြစ်သွားခဲ့ပြီးနောက် သူသည် မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်၍ လူထုက သူ့အား ချစ်ခင်ကြလေသည်။ ဘုရားရှင်သည် ဒါဝိဒ်အား အောင်မြင်ခြင်းကောင်းချီးမင်္ဂလာများပေးသနားတော်မူလေသည်။ ဒါဝိဒ်သည် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ရာတွင် ဘုရားရှင်က ဣသရေလ၏ရန်သူများအား နှိမ်နင်းနိုင်ရန်ကူညီမစလေသည်။ ဒါဝိဒ်သည် ယေရုရှလင်မြို့အား တိုက်ယူသိမ်းပိုက်၍ သူနေထိုင်အုပ်ချုပ်ရာ မြို့တော်အဖြစ်သတ်မှတ်လိုက်သည်။ ဒါဝိဒ်သည် နှစ်လေးဆယ်ကြာဘုရင်ဖြစ်ခဲ့ပြီး ထိုအချိန်တွင် ဣသရေလသည် အလွန်အမင်းအင်အားကောင်းလာ၍ ချမ်းသာကြွယ်ဝလာပါသည်။
ဒါဝိဒ်သည် ဣသရေလ လူမျိုးများက ဘုရားရှင်အား ပူဇော်ကိုးကွယ်မှုနိုင်စေရန် ဗိမာန်တော်တစ်ခု အားတည်ဆောက်လိုခဲ့သည်။ မောရှေပြုလုပ်ခဲ့သော တွေ့ဆုံရာတဲတော်၌ လူများသည် နှစ်ပေါင်းလေးရာခန့်ကြာအောင် ဘုရားရှင်အား ကိုးကွယ်ပူဇော်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော်ဘုရားရှင်သည် 'နာသန်' အမည်ရှိ ရှေ့ဖြစ်ဟောပညာရှိတစ်ဦးအား ဒါဝိဒ်ထံသို့ စေလွှတ်၍ “သင်သည် တိုက်ပွဲပေါင်းများစွာကို တိုက်နိုင်ခဲ့ခြင်းကြောင့် ငါ့အတွက် ဗိမာန်တော်ကို ဆောက် လုပ်ပေးခြင်းမပြုပါနှင့် ။သင်၏ သားသာလျှင်ဗိမာန်တော်ကို ဆောက်လုပ်ပေးရမည်။ သို့သော် ကျငါသည် သင့်အား ကောင်းချီးမင်္ဂလာများပေးသနားတော်မူမည်ဖြစ်ပြီး သင်၏ နောင်လာနောင်သားများသည် ကျွန်ုပ်၏လူများအပေါ်တွင် ဘုရင်များအဖြစ် ထာဝရအုပ်စိုးခွင့်ရမည်” ဟု မိန့်တော်မူလိုက်လေသည်။ ဒါဝိဒ်၏ မျိုးဆက်များထဲမှ လောကလူသားများအား ဘုရင်ကဲ့သို့ထာဝရအုပ်စိုးမည့် မေရှိယဆိုသူမှာ ကမ္ဘာပေါ်တွင်ရှိသောလူများကို အပြစ်များမှ ကယ်တင်ရန် ဘုရားရှင် ရွေးချယ်ထားတော်မူသောသူ ဖြစ်ပါ သည်။
ဒါဝိဒ်သည် နာသန်၏ စကားကို ကြားသောအချိန်တွင် သူသည် ဘုရားရှင်၏ ကျေးဇူးတော်အား ချီးမွမ်းလေသည်။ ဘုရားရှင်သည် သူ့၏ဂုဏ်ကျေးဇူးတော် အပေါင်းတို့ကို ချီးမွမ်းကြသဖြင့် ကောင်းချီးမင်္ဂလာများစွာပေးလေသည်။ သို့သော် ဘုရားရှင်မည်သည့်အချိန်တွင် ဤအကြောင်းအရာများကို လုပ်ဆောင်တော်မူမည်ကို ဒါဝိဒ် မသိရှိပေ။ဣသရေလလူမျိုးများသည် မေရှိယကြွလာမည့် အချိန်ကို နှစ်တစ်ထောင်ခန့် အချိန်ကြာမြင့်စွာစောင့်ရဦးမည်ဟု သိရှိထားကြပါသည်။
ဒါဝိဒ်သည် သူ၏လူမျိုးများအား တရားမျှတစွာဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်လေသည်။ သူသည်ဘုရားရှင်အား သစ္စာရှိစွာ သဖြင့် ဘုရားရှင်က သူ့အား ကောင်းချီးမင်္ဂလာများပေးလေသည်။ သို့သော်နောက်နှစ်ပေါင်းများစွာကြာသောအခါတွင် သူသည်ဘုရားရှင်အားဆိုးရွားစွာပြစ်မှားကျူးလွန်လေတော့သည်။
တစ်နေ့တွင် ဒါဝိဒ်သည် ၎င်း၏နန်းတော်ထဲမှ အပြင်သို့ကြည့်နေစဉ်တွင် ချောမောလှပသော အမျိုးသမီးတစ်ဦးရေချိုးနေသည်ကို တွေ့ရှိလေသည်။ သူသည် သူမအား မသိသော်လည်း သူမ၏ အမည်မှာ ဗာသရှေဘ ဟု သိရှိလိုက်ရပါသည်။
ဒါဝိဒ်သည် ဗာသရှေဘကိုရှောင်ကြဉ်ရမည့်အစား သူ့ထံသို့ ခေါ်ဆောင်လာရန် လူတစ်ယောက်အားစေခိုင်း လိုက်လေသည်။ သူသည် သူမနှင့်အတူအိပ်ခဲ့ပြီး သူမအိမ်သို့ပြန်ပို့လိုက်လေသည်။ များမကြာမှီ ဗာသရှေဘ သည် သူမ၌ကိုယ်ဝန် ရှိနေပြီဟု ဒါဝိဒ်အား သတင်းပို့လိုက်လေသည်။
'ဗာသရှေဘ'ခင်ပွန်း၏အမည်မှာ ဥရိယ ဖြစ်ပြီး သူသည် ဒါဝိဒ်၏ အကောင်းဆုံး စစ်သည်တော်တစ်ယောက် ဖြစ်သည်။ ထိုအချိန်က သူသည် စစ်ပွဲတစ်ခုတွင် ရောက်နေသဖြင့် ဒါဝိဒ် သည် ဥရိယ အား ပြန်ခေါ်၍ သူ၏ဇနီးနှင့်အတူ သွားရောက်နေထိုင်ရန်ပြောခဲ့လေသည်။ သို့သော် ဥရိယ သည် အခြားစစ်သည်တော်များတိုက်ပွဲဝင်နေချိန်တွင် အိမ်သို့ပြန်ရန် ငြင်းဆိုခဲ့ပါသည်။ ထိုအခါ ဒါဝိဒ်သည် ဥရိယအား ရန်သူအင်အားအများဆုံးစစ်မျက်နှာသို့ စေလွှတ်၍ အသတ်ခံရစေရန်ဗိုလ်ချုပ်တစ်ဦးအားစေခိုင်းသဖြင့် ဥရိယ သည် တိုက်ပွဲ၌သေဆုံးသွားလေသည်။
စစ်ပွဲတွင် ဥရိယ သေဆုံးသွားပြီးနောက် ဒါဝိဒ်သည် ဗာသရှေဘကို လက်ထပ်ခဲ့ပြီး မကြာမီ သူမသည် ဒါဝိဒ်၏ သားအား မွေးဖွားလေသည်။ ဘုရားရှင်သည် ဒါဝိဒ်ပြုမူခဲ့သော အမှုအား အလွန်အမျက်တော်ရှသဖြင့် သူ၏အပြစ်မှာ မည်မျှဆိုးဝါးကြောင်းပြောကြားရန် ရှေ့ဖြစ်ဟောပညာရှိ နာသန်အား ဒါဝိဒ်ထံသို့စေလွတ်ခဲ့ပါသည်။ဒါဝိဒ်သည် ၎င်း၏အပြစ်များအား နောင်တရသောအခါဘုရားရှင်ကလည်းသူ့အား ခွင့်လွှတ်တော်မူသဖြင့် သူ၏ ကျန်ရှိနေသေးသော အသက်တာ တစ်လျှောက်လုံး၊ ခက်ခဲသော အချိန်များ၌ပင် ဘုရားရှင်၏ နောက်တော်သို့လိုက်ကာ နာခံလိုက်လျှောက်ခဲ့လေသည်။
သို့သော်ဘုရားရှင်က ဒါဝိဒ်၏ သားယောက်ျားလေးကို သေဆုံးစေသည့်နည်းဖြင့် အပြစ်ဒဏ်ပေးတော်လေသည်။ ထို့နောက် ဒါဝိဒ် မသေဆုံးမှီ အချိန်များတွင် မိသားစုဝင် အချို့၏ပုန်ကန်ခြင်းနှင့် တန်ခိုးအာဏာများ ကျဆုံးခြင်းတို့ ကြုံတွေ့ခဲ့ရပါသည်။သို့သော် ဒါဝိဒ်သည် ဘုရားရှင်အား နာခံခြင်း မရှိခဲ့သော်လည်း ဒါဝိဒ်အားပေးတော်မူထားသည့် ဘုရားရှင်၏ ကတိစကားအတိုင်း ဘုရားရှင်က ပြုတော်မူခဲ့သည်။ ထို့နောက်တွင် ဒါဝိဒ်နှင့် ဗာသရှေဘ တို့သည် နောက်ထပ်သားတစ်ဦးဖွားမြင်လာကာသူ့အား‘ရှောလမုန်’ ဟု အမည်ပေးလိုက်လေသည်။
၁ ရှမွေလ ၁၀; ၁၅-၁၉; ၂၄; ၃၁; ၂ ရှမွေလ ၅; ၇; ၁၁-၁၂