၁၄။တောကန္တာရထဲတွင် လှည့်လည်နေခြင်း
ဘုရားရှင်နှင့်ပြုမူထားသော ပဋိညာဉ်အရ ဣသရေလလူမျိုးများ လိုက်နာရမည့် ပညတ်တော်တရားများအားရှင်းပြပြီးချိန်တွင် သူတို့အားသိနာတောင်မှ အဝေး သို့ခေါ်ဆောင်လမ်းပြတော်မူ၏။ ဘုရားရှင်သည်ထိုသူတို့အား ကတိပေးတော်မူထားသောပြည်သို့ ခေါ်ဆောင်သွားလိုသည်။ထိုနိုင်ငံအား ခါနာန်ဟု လည်းခေါ်သည်။ ဘုရားရှင်သည် သူတို့၏ရှေ့မှမိုး တိမ်တိုင်ကြီးအဖြစ် ဦးဆောင်သွား၍ထိုအရာနောက်သို့ လိုက်ပါသွားကြလေသည်။
ဘုရားရှင်သည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့် ၎င်းတို့၏မျိုးဆက်များအား မြေနေရာပေးမည်ဟု ကတိတော်ပေးထားသောနေရာတွင်လူစုများစွာ ရောက်နှင့်နေပြီးသားဖြစ်ပါသည်။ ထိုသူတို့အား ခါနာန်လူမျိုးများဟုခေါ်ပြီး ခါနာန်လူများသည် ဘုရားရှင်အားကိုးကွယ်ခြင်းမပြုဘဲ ဘုရားရှင်၏ ပညတ်တော်များကိုလည်း နာခံခြင်းမရှိကြပါ။ သူတို့သည် ဘုရားအတုအယောင်များကို ကိုးကွယ်ကြပြီး မကောင်းမှုဒုစရိုက်များစွာကိုလည်း လုပ်ဆောင်ခဲ့ကြပါသည်။
ဘုရားရှင်သည် ဣသရေလလူမျိုးများအား “သင်တို့အားကတိတော်ပေးထားသောနိုင်ငံသို့ ဝင်ရောက်ပြီးချိန်တွင် ထိုနေရာ၌ရှိသော ခါနာန်လူမျိုးအားလုံးအား ဖယ်ရှားပစ်ရမည်။ ထိုသူတို့နှင့် ငြိမ်းချမ်းစွာအတူနေထိုင်ရန်ကတိမပေးမိပါစေနှင့်။ထိုသူတို့နှင့်ထိမ်းမြားလက်ထပ်ခြင်းမပြုရ။ သူတို့၏ရုပ်ထုများအားလုံးကို သင်တို့အလုံးစုံ ဖျက်ဆီးပစ်ရမည်။ သင်တို့ ငါ့စကားအား မလိုက်နာလျှင် နောက်ဆုံးတွင်သင်တို့သည်ငါ့အားကိုးကွယ်မည့်အစား သူတို့၏ရုပ်ထုများအား ကိုးကွယ်ခြင်းပြု ကြလိမ့်မည်”ဟု မိန့်ကြား တော်မူခဲ့သည်။
ဣသရေလလူမျိုးများသည် ခါနာန်၏နယ်စပ်သို့ ရောက်သွားသောအခါတွင် မောရှေသည် လူမျိုးတစ် မျိုးစီမှ လူတစ်ဦးကျစီ ဆယ့်နှစ်ဦးဖြစ်အောင်ရွေးလေသည်။ သူသည် သူ့လူများအား ထိုနိုင်ငံ၏အခြေအနေကို လျှို့ဝှက်စုံစမ်းရန် ညွှန်ကြားလေသည်။ ခါနာန်လူမျိုးများ၏ အားနည်းချက်၊ အားသာချက်များကိုလည်း လျှို့ဝှက်စုံစမ်းစေလေသည်။
ထိုလူဆယ့်နှစ်ဦးသည် ခါနာန်သို့ရက်ပေါင်းလေးဆယ်ကြာခရီးသွားကြပြီး ပြန်လာကြလေသည်။ ၎င်းနေရာသည် မြေဆီလွှာအလွန်ကောင်းပြီး ဆန်ရေစပါးအလွန်ပေါများသည်ဟု ထိုလူများကပြောပြ လေသည်။ သို့သော် သူလျှိုဆယ်ယောက်ကမူ “မြို့များသည် အလွန်ခိုင်မာ၍ လူများသည်လည်း အလွန်သန်မာသူများဖြစ်ကြသည်။ သူတို့အားတိုက်ခိုက်လျှင် ကျွန်ုပ်တို့ရှုံးနိမ့်နိုင်မည်ဖြစ်ပြီး ကျွန်ုပ်တို့ အားလုံးအသတ်ခံကြရလိမ့်မည်"။ဟုပြောကြားလေသည်။
ချက်ချင်းပင် ကာလက်နှင့် ယောရှုဟူသော ကျန်သူလျှိုနှစ်ဦးကမူ “ခါနာန်လူမျိုးများမှာ အရပ်ရှည်၍ သန်မာကြပြီးကျွန်ုပ်တို့ရှုံးနိမ့်မည်မှာအမှန်ပင်ဖြစ်သော်လည်း ဘုရားရှင်သည် ကျွန်ုပ်တို့အတွက် တိုက်ခိုက်ပေးပါလိမ့်မည်" ဟု ပြောဆိုလေသည်။
သို့သော်လူများသည် ကာလက်နှင့်ယောရှုတို့စကားအား နားမထောင်ကြပေ။ ၎င်းတို့သည် မောရှေနှင့် အာရုန်အား အမျက်ဒေါသများထွက်လာကြပြီး “သင်တို့သည် ကျွန်ုပ်တို့အား ဤသို့အန္တရာယ်ရှိသော နေရာသို့ အဘယ်ကြောင့်ခေါ်ဆောင်လာကြသနည်း။ ကျွန်ုပ်တို့အီဂျစ်တွင် နေခဲ့သင့်သည်။ ကျွန်ုပ်တို့ သည်ထိုနိုင်ငံထဲသို့ဝင်သွားလျှင်တိုက်ပွဲတွင် သေကြရမည်ဖြစ်ပြီး ခါနာန်လူမျိုးများက ကျွန်ုပ်တို့၏ဇနီးများနှင့် ကလေးများကို ကျွန်ပြုကြလိမ့်မည်”ဟု ဆိုကြလေသည်။ လူထုသည် သူတို့အား အီဂျစ်သို့ ပြန်လည်ခေါ်ဆောင်သွားမည့် အခြားခေါင်းဆောင်တစ်ဦးအား အလိုရှိနေကြလေသည်။
လူတို့သည် ဤကဲ့သို့ပြောကြသောအခါ ဘုရားရှင်သည် အမျက်ကြီးစွာထွက်တော်မူလေသည်။ သူသည်တွေ့ဆုံရာတဲတော်ထဲသို့ကြွလာ၍ “သင်တို့တောကန္တာရထဲတွင် လှည့်လည်သွားလာနေကြရ လိမ့်မည်။ အသက်နှစ်ဆယ်နှင့်အထက် လူတိုင်းသည် ထိုနေရာတွင်သေဆုံး၍ ကျွန်ုပ်သင်တို့အားပေး မည့်နိုင်ငံအား မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။ ယောရှုနှင့် ကာလက်တို့သာဝင်ကြရမည်” ဟု မိန့်တော်မူလေသည်။
လူများက ဘုရားရှင်ဤကဲ့သို့မိန့်တော်မူသည်ကို ကြားသောအခါတွင်၎င်းတို့၏ အပြစ်များအား နောင်တရပြီးခါနာန်လူမျိုးများအား တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသဖြင့် မောရှေသည် သူတို့အားမသွားရန်သတိပေးလိုက်သည်။အဘယ်ကြောင့် ဆိုသော် သူတို့နှင့်အတူ ဘုရားရှင်လိုက်ပါ တော်မူခြင်းမရှိသောကြောင့်ဖြစ်သည်။ သို့သော် သူတို့သည် မောရှေစကားအားနားထောင်ခြင်း မရှိကြပေ။
ဘုရားရှင်သည် သူတို့နှင့်အတူ စစ်ပွဲထဲသို့လိုက်ပါတော်မူခြင်းမရှိသောကြောင့် ခါနာန်လူမျိုးများသူတို့အားချေမှုန်း၍လူပေါင်းများစွာအသတ်ခံရလေသည်။ထိုအခါတွင် ဣသရေလလူမျိုးများ သည် ခါနာန်မှပြန်လှည့်လာကြပြီး နှစ်လေးဆယ်ခန့်ကြာသည်အထိ တောကန္တာရထဲတွင် လှည့်လည် သွားလာနေကြရလေသည်။
တောကန္တာရထဲတွင် ဣသရေလလူမျိုးများ နှစ်လေးဆယ်ခန့်လှည့်လည်သွားလာနေကြစဉ်တွင် ဘုရားရှင်သည် သူတို့အား ကူညီစောင့်မတော်မူလေသည်။ ဘုရားရှင်သည် သူတို့အား "မန္န "ဟူသော မုန့်တစ်မျိုးကို ကောင်းကင်ဘုံမှပေးတော်မူပြီး အရွယ်အစားအလယ်အလတ်ရှိ ငုံးဟုခေါ်သော ငှက်အုပ်များကို ထိုသူများအသားစားရစေရန် သူတို့၏စခန်းများအတွင်းသို့ ပို့ပေးတော်မူလေသည်။ ဘုရားရှင်သည် သူတို့အတွက်အဝတ်အစားများနှင့် ဖိနပ်များအား မပွန်းပဲ့အောင်ဖန်တီးပေးတော်မူလေသည်။
ဘုရားရှင်သည် သူတို့အား သောက်ရေပေးနိုင်ရန်အတွက် ကျောက်တောင်ထဲမှရေထွက်လာစေရန် အလွန်ထူးဆန်းစွာ ဖန်ဆင်းပေးတော်မူလေသည်။ သို့သော် ဤကိစ္စရပ်များအား မ ထောက်ထားဘဲ ဘုရားရှင်နှင့် မောရှေအား မြည်တွန် တောက်တီးကြလေသည်။ ဤသို့ဖြစ်နေသော်လည်း ဘုရားရှင်က ဆက်လက်၍သစ္စာတရားထားရှိတော်မူလေသည်။ သူသည် အာဗြဟံ၊ ယာကုပ်နှင့် ဣဇာက်တို့၏ နောင်လာနောက်သား များအား ပြုလုပ်ပေးမည်ဟူသော ကတိတော်များကိုလုပ်ဆောင်ပေးတော်မူလေသည်။
တစ်ချိန်တွင် လူများသည် သောက်ရေ မရရှိတော့သဖြင့် ဘုရားရှင်သည် မောရှေအား “ထိုကျောက်တုံးကို စကားပြောပါ။ အထဲမှရေထွက်လာလိမ့်မည်”ဟု မိန့်ကြားတော်မူလိုက်လေသည်။ သို့သော်မောရှေသည် ထိုကျောက်တုံးအားစကားပြောရမည့်အစား တုတ်ဖြင့်နှစ်ချက်ရိုက်လေသည်။၊ သူသည်ဤနည်းဖြင့် ဘုရားရှင်အား ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်လိုက်လေသည်။ သို့သော် လူတိုင်းသောက်သုံးရန် ကျောက်တုံးထဲမှ ရေများထွက်လာသော်လည်း ဘုရားရှင်မှာမောရှေအား ဒေါသအမျက်ထွက်လေသည်။ ဘုရားရှင်က “သင်ဤကဲ့သို့ပြုမူသောကြောင့် ကတိတော်ပေးထားသော နိုင်ငံသို့ သင့်အားဝင်ရောက်ခွင့်မပြု”ဟု မိန့်ဆိုလေသည်။
ဣသရေလလူမျိုးများသည် တောကန္တာရထဲတွင် လှည့်လည်ကာနှစ်ပေါင်းလေးဆယ်ခန့် သွားရောက် ပြီးချိန်တွင် ဘုရားရှင်အားဆန့်ကျင်သော လူတိုင်းသေဆုံးသွားကြပြီဖြစ်သည်။ ထို့နောက်ဘုရားရှင် သည် ထိုလူများအား ကတိတော်ပေးထားသောနိုင်ငံနယ်နိမိတ်အစပ်သို့ခေါ်ဆောင်သွားလေသည်။ မောရှေသည် ယခုအခါအလွန်အိုမင်းနေပြီဖြစ်သောကြောင့် ဘုရားရှင်သည် ယောရှုအား ထိုလူများကို ဦးဆောင်ရန်ရွေးချယ်တော်မူလိုက်လေသည်။ ဘုရားရှင်သည် မောရှေကဲ့သို့ ဘုရားရှင်၏တမန်တော်တစ်ဦးအား စေလွှတ် လိုက်မည်ဟု မောရှေအား ကတိပေးတော်မူလေသည်။
ထို့နောက်ဘုရားရှင်သည် မောရှေအားကတိတော်ပေးထားသောနိုင်ငံကိုမြင်နိုင်စေရန် တောင်ထိပ်သို့ သွားစေသည်။ မောရှေသည် ကတိတော်ပေးထားသည့်နိုင်ငံအား တွေ့မြင်သော်လည်း ဘုရားရှင်မှာ ၎င်းအားဝင်ခွင့်မပေးပေ။ ထို့နောက်မောရှေသေဆုံးသွားသဖြင့် ရက်ပေါင်းသုံးဆယ်ကြာ ဣသရေလလူမျိုးများ ဝမ်းနည်းပူဆွေးကြလေသည်။ ယောရှုသည် သူတို့၏ခေါင်းဆောင်အသစ် ဖြစ်လာပြီး ဘုရားရှင်အားကြည်ညိုဆည်းကပ်သောကြောင့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာခဲ့လေသည်။
ထွက်မြောက်ရာကျမ်း ၁၆-၁၇ တောလည်ရာကျမ်း ၁၀-၁၄ ; ၂၀;၂၇; တရားဟောရာကျမ်း ၃၄