ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၂၀၊ပြည်နှင်ဒါဏ်ခံရခြင်း နှင့် ပြည်တော်ပြန်ခြင်း

Frame 20-01

ဣသရေလနိုင်ငံတော်နှင့် ယုဒနိုင်ငံတော်နှစ်ခုစလုံးသည် ဘုရားရှင်အပေါ် ဆန့်ကျင်၍ အပြစ်များကျူးလွန်ခဲ့ကြသည်။ သူတို့သည်ဘုရားရှင်နှင့် 'သိနာ' တောင်ပေါ်တွင် ထားရှိသော ပဋိညာဉ်တော်ကို ချိုးဖောက်ခဲ့ကြသဖြင့် ဘုရားရှင်သည် သူ၏ရှေ့ဖြစ်ဟောပညာရှိများအား သူတို့ထံသို့ စေလွှတ်၍ ၎င်းတို့၏အပြစ်များအား နောင်တရပြီး ဘုရားရှင်အား ပြန်လည်ကိုးကွယ်ကြရန် သတိပေးခိုင်းခဲ့သော်လည်းမနာခံခဲ့ကြပေ။

Frame 20-02

ထို့ကြောင့် ဘုရားရှင်သည် နိုင်ငံနှစ်ခုစလုံးကို သူတို့၏ရန်သူများအား ဖျက်ဆီးခွင့်ပေးလိုက်သဖြင့် 'အာရှုရိ' သည် အလွန်အင်အားကြီးသော နောက်ထပ်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ 'အာရှုရိ' လူမျိုးများသည် အခြားနိုင်ငံများအပေါ်တွင် အလွန်ရက်စက်ကြမ်းကြုတ်ကြသဖြင့် သူတို့သည် ဣသရေလနိုင်ငံတော်အား လာရောက်ဖျက်ဆီးကြလေသည်။ 'အာရှုရိ' များသည် ဣသရေလ မှ လူများစွာကို သတ်ဖြတ်ကြပြီး ၎င်းတို့လိုချင်သောအရာများအား ယူကာ နိုင်ငံ၏အများစုသော နေရာများအား မီးရှို့ခဲ့ကြသည်။

Frame 20-03

'အာရှုရိ' များသည် လူမျိုးစုခေါင်းဆောင်များ၊ ချမ်းသာသောသူများနှင့် တန်ဖိုးရှိသောအရာများကို ဖန်တီးပြုလုပ်နိုင်သောသူများကို စုပေါင်း၍ 'အာရှုရိ' သို့ခေါ်ဆောင်သွားကြလေသည်။ ဣသရေလရှိ အချို့သော ဆင်းရဲသားမိသားစုများသာ ဣသရေလတွင် ကျန်ရှိခဲ့ကြလေသည်။

Frame 20-04

ထို့နောက် 'အာရှုရိ' လူမျိုးများသည် ထိုမြေနေရာတွင် အခြေချနေထိုင်ရန်အတွက် တိုင်းတပါးသားများအား ခေါ်ဆောင်ခဲ့ကြသဖြင့် သူတို့သည် မြို့များအား ပြန်လည်တည်ဆောက်ကြလေသည်။ ၎င်းတို့သည် ထိုနေရာတွင် ကျန်နေခဲ့သော ဣသရေလလူမျိုးများအား လက်ထပ်ထိမ်းမြားကြသဖြင့် ကျန်လူများ၏ မျိုးဆက်များအား နောင်တွင် ရှမာရီတန် လူမျိုးများဟု ခေါ်ကြလေသည်။

Frame 20-05

ယုဒနိုင်ငံတော်ရှိလူများသည် ဣသရေလနိုင်ငံတော်ရှိလူများ ဘုရားရှင်အား ယုံကြည်နာခံခြင်းမရှိသောကြောင့် မည်ကဲ့သို့အပြစ်ပေးခြင်းခံရသည်ကို တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ခါနန်ရှိဘုရားများအပါအဝင် ရုပ်တုများအား ဆက်လက်ကိုးကွယ်နေကြလေသည်။ ဘုရားရှင်သည် ၎င်းတို့ထံသို့ ရှေ့ဖြစ်ဟောပညာရှိများအား စေလွှတ်ကာ ကတိတော်စကားများ ပြောကြားခိုင်းခဲ့သော်လည်း သူတို့မှာ လိုက်နာခြင်းမရှိခဲ့ကြပေ။

Frame 20-06

ဣသရေလနိုင်ငံတော်အား 'အာရှုရိ' လူမျိုးများဖျက်ဆီးပြီး နှစ်တစ်ရာခန့်ကြာသော် ဘုရားရှင်သည် 'ဗာဗုလုန်' လူမျိုးများ၏ဘုရင်ဖြစ်သော 'နေဗုခဒ်နေဇာ' အား ယုဒ၏နိုင်ငံတော်ကို တိုက်ခိုက်ရန် စေလွှတ်လိုက်လေသည်။ 'ဗာဗုလုန်' သည် အလွန်အင်အားကြီးသောနိုင်ငံတော်ဖြစ်သဖြင့် ယုဒဘုရင်သည် 'နေဗုခဒ်နေဇာ' ၏လက်အောက်ခံ နိုင်ငံအဖြစ် နေထိုင်ရန် သဘောတူလိုက်ပြီး ငွေကြေးအမြောက်အများကိုလည်း နှစ်စဉ်ဆက်သရမည်ဖြစ်ပါသည်။

Frame 20-07

သို့သော် နှစ်အနည်းငယ်ကြာသောအခါ ယုဒ၏ဘုရင်သည် 'ဗာဗုလုန်'အား ပုန်ကန်ဆန့်ကျင်သဖြင့် 'ဗာဗုလုန်' လူမျိုးများသည် ယုဒနိုင်ငံအား ပြန်လည်တိုက်ခိုက်လေတော့သည်။ သူတို့သည် ယေရုရှလင်မြို့တော်အား သိမ်းပိုက်ခဲ့ကြပြီး ဗိမာန်တော်အား ဖျက်ဆီးကာဗိမာန်တော်နှင့်မြို့တော်တွင် ရှိသည့် ရွှေငွေရတနာများအား ယူဆောင်သွားခဲ့လေသည်။

Frame 20-08

'နေဗုခဒ်နေဇာ' ၏ စစ်သားများသည် သူတို့၏ ဘုရင်အားပုန်ကန်သော ယုဒဘုရင်အား အပြစ်ပေးရာတွင် ယုဒ ဘုရင်၏သားတော်ကို ၎င်း၏အရှေ့တွင် သတ်ပြီး သူ့ကိုလည်း မျက်လုံးကွယ်အောင်ပြုလုပ်လေသည်။ ထိုသို့ပြုလုပ်ပြီးသောအခါတွင် သူတို့သည် ယုဒဘုရင်အား ခေါ်ဆောင်သွား၍ ဗာဗုလုန်ရှိထောင်ထဲတွင် သေဆုံးစေလေသည်။

Frame 20-09

'နေဗုခဒ်နေဇာ' နှင့် သူ၏ စစ်တပ်သည် ယုဒနိုင်ငံတော်ရှိ လူများအားလုံးနီးပါးကို ဗာဗုလုန် သို့ခေါ်ဆောင်သွားပြီး အဆင်းရဲဆုံးသူများကိုသာ လယ်ယာမြေများစိုက်ပျိုးရန် ချန်ရစ်ထားခဲ့လေသည်။ ဘုရားရှင်နှင့်လူများ ကတိသစ္စာပြုထားသောနယ်မြေမှ ထွက်ခွာသွားရသော ဤအချိန်ကာလကို ပြည်နှင်ဒဏ်ခံရခြင်းဟု ခေါ်လေသည်။

Frame 20-10

ဘုရားရှင်သည် သူ၏လူသားများကို သူတို့၏အပြစ်များအတွက် နှင်ထုတ်ခံရခြင်းဖြင့် အပြစ်တော်ပေးခဲ့သော်လည်း သူတို့အပေါ်တွင်ပေးခဲ့သောကတိစကားများအား ဘုရားရှင်သည် မေ့လျော့ခြင်းမရှိပေ။ ဘုရားရှင်သည် သူ၏လူများအပေါ်တွင် ဆက်လက်ကြည့်ရှုခဲ့သည်။ သူ၏ရှေ့ဖြစ်ဟောပညာရှိများမှ တစ်ဆင့်ဆက်လက်မိန့်ကြားပြီး သူသည် သူတို့အား နှစ်ပေါင်းခုနှစ်ဆယ်ကြာလျှင် ကတိပေးထားသော မြေနေရာသို့ ပြန်ခွင့်ရမည်ဟု ကတိတော်ပေးခဲ့လေသည်။

Frame 20-11

နှစ်ပေါင်း ခုနှစ်ဆယ်ခန့်ကြာသောအခါတွင် ပေရသိဘုရင်ဖြစ်သူကုရုသည် ဗာဗုလုန်လူမျိုးများအား အောင်နိုင်ခဲ့သဖြင့် ဗာဗုလုန်အင်ပါယာအစား ပေရသိအင်ပါယာက များစွာသောနိုင်ငံတို့အား အုပ်ချုပ်လေတော့သည်။ ဣသရေလလူမျိုးများအား ယခုအခါ ယုဒလူမျိုးများဟုခေါ်ကြပြီး ၎င်းတို့ အများစု၏ဘဝတစ်လျှောက်လုံးသည် ဗာဗုလုန်တွင်နေထိုင်လာခဲ့ကြသူများဖြစ်သည်။ အသက်အကြီး ဆုံးယုဒလူမျိုးများသာလျှင် ယုဒ၏နိုင်ငံတော်အား မှတ်မိကြလေသည်။

Frame 20-12

'ပေရသိ'လူမျိုးများသည် အလွန်သန်မာပြီး အင်အားကောင်းကြသော်လည်း ၎င်းတို့သိမ်းပိုက်ထားသော လူများအပေါ်တွင် သနားညှာတာမှုရှိကြပါသည်။ 'ကုရု'သည် 'ပေရသိ'တို့၏ဘုရင်ဖြစ်ပြီးနောက် အချိန်အနည်းငယ်အကြာတွင် 'ယုဒပြည်'သို့ ပြန်လိုသော မည်သည့်ယုဒလူမျိုးမဆို 'ပေရသိပြည်'အားစွန့်ခွာ၍ 'ယုဒပြည်'သို့ပြန်သွားနိုင်ကြောင်းကို အမိန့်ထုတ်ပြန်လိုက်လေသည်။ သူသည် ၎င်းတို့၏ ဗိမာန်တော်အားပြန်လည်တည် ဆောက်ရန်ပင် ငွေကြေးများထောက်ပံ့လေသည်။ ထိုသို့ဖြင့် နှစ်ပေါင်းခုနှစ်ဆယ်ခန့် ပြည်နှင်ဒါဏ်ခံရပြီးနောက်တွင် အနည်းငယ်သောယုဒလူမျိုး လူစုငယ်တစ်စုသာ ယုဒပြည်ရှိ ယေရုရှလင်မြို့တော်သို့ ပြည်တော်ပြန်ကြလေသည်။

Frame 20-13

ဤသူများသည် ယေရုရှလင်သို့ပြန်လည်ရောက်ရှိလာသောအခါတွင် ၎င်းတို့သည် ဗိမာန်တော်အား ပြန်လည်တည်ဆောက်ကြပြီး မြို့ပတ်လည်တွင် မြို့တံတိုင်းများတည်ဆောက်ကြလေသည်။ 'ပေရသိ'လူမျိုးများသည် ယုဒလူမျိုးတို့အား ဆက်လက်အုပ်ချုပ်နေကြသော်လည်း ၎င်းတို့သည် ကတိပေးထားသော မြေနေရာတွင် ပြန်လည်နေထိုင်၍ ဘုရားရှင်အား ထိုဗိမာန်တော်တွင် ပြန်လည် ကိုးကွယ်ပူဇော်ကြလေသည်။

ဓမ္မရာဇဝင် ၁၇; ၂၄-၂၅; ၂ ရာဇဝင်ချုပ် ၃၆၊ ဧဇရ ၁-၁၀; နေဟမိ ၁-၁၃