ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၄၅။သတေဖန်နှင့်ဖိလိပ္ပု

Frame 45-01

ကိုယ်တော်ယေရှု၏ပထမဆုံးသောနောက်လိုက်တော်များထဲမှ ခေါင်းဆောင်အမျိုးသားတစ်ဦးမှာ သတေဖန်ဖြစ်သည်။ လူတိုင်းသည် သူ့အားလေးစားကြပြီး ဘုရားဝိညာဉ်တော်သည် သူ့အားများစွာသောတန်ခိုးစွမ်းအားများနှင့် ဉာဏ်ပညာများပေးတော်မူ ၏။ သတေဖန်သည် အံ့ဩဖွယ်နိမိတ်လက္ခဏာအမြောက်အများကိုပြုလုပ်ခဲ့လေသည်။ သူသည် လူများအား ကိုယ်တော်ယေရှုအပေါ် ယုံကြည်မှုရှိစေရန် ဟောပြောသွန်သင်သောအခါတွင် လူများက သူ့အားယုံကြည်ခြင်းရှိကြသည်။

Frame 45-02

တစ်နေ့သောအခါ သတေဖန်သည် ကိုယ်တော်ယေရှု၏အကြောင်းအားသွန်သင်ပေးနေ သောအချိန်တွင် ယုဒလူမျိုးအချို့လာရောက်၍ သူနှင့် ငြင်းခုန်ကြလေသည်။ သူတို့သည် သတေဖန်အားအလွန်ဒေါသထွက်လာကြပြီး ဘာသာရေး ခေါင်းဆောင်များထံသို့သွားရောက်ကာ သတေဖန်၏အကြောင်းအား လိမ်လည်တိုင်တန်းကြလေသည်။ သူတို့က “သတေဖန်ဟာမောရှေနဲ့ဘုရားရှင်အားပြစ်တင် ပြောဆိုနေတာကို ကျွန်ုပ်တို့ကြားခဲ့ရတယ်” ဟူ၍ ပြောကြားလေသည်။ ထို့ကြောင့် ဘာသာရေးခေါင်းဆောင် များသည် သတေဖန်အားဖမ်းဆီးပြီး သာသနာရေးဆိုင်ရာမဟာနာယကကြီးနှင့် အခြားဘာသာရေး ခေါင်းဆောင်များထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။ မျက်မြင်သက်သေအတုအယောင်များကလည်း သတေဖန်၏အကြောင်းကို လိမ်ညာသက်သေခံခဲ့ကြလေသည်။

Frame 45-03

သာသနာရေးဆိုင်ရာ မဟာနာယကကြီးသည် သတေဖန်အား “ဒီလူတွေ ပြောနေတာအမှန်ပဲလား” ဟူ၍ မေးမြန်းလေသည်။ သတေဖန်သည် သာသနာရေးဆိုင်ရာ မဟာ နာယကကြီး၏အမေးကို အကြောင်းအရာများစွာဖြင့်ဖြေကြားလေသည်။ သူက အဗြံဟံရှိစဉ်မှစပြီး ကိုယ်တော်ယေရှုအချိန်ထိ ဘုရားရှင်သည် လူများအပေါ်တွင် အလွန်အံဩဖွယ်ကောင်းသောအရာ များကိုပြုတော်မူခဲ့ပါသည်။ သို့သော်လူများက ဘုရားရှင်၏စကားကို မည်သည့်အခါမျှ နာခံခြင်း မရှိကြပေ။ သတေဖန်က “သင်တို့ဟာ ခေါင်းမာစွာနဲ့ဘုရားရှင်ရဲ့စကားကို အမြဲလွန်ဆန်ခဲ့ ကြတယ်။ ကျွန်ုပ်တို့ရဲ့ဘိုးဘွားဘီဘင်များက ဘုရားရှင်ကိုဆန့်ကျင်ပြီး ရှေ့ဖြစ်ဟောပညာရှိ များကို သတ်ခဲ့ကြသကဲ့သို့ သင်တို့သည်လည်း ဘုရားဝိညာဉ်တော်အား ငြင်းပယ်ခဲ့ကြပါတယ်။ ဒါပေမဲ့သင်တို့ပြုလုပ်ခဲ့သောဆိုးဝါးတဲ့အရာတွေထက်ဘုရားရှင်စေလွတ်သော မေရှိယကိုသတ်ခဲ့တာဟာပိုပြီးအဆိုးဝါးဆုံးဖြစ်တယ် "ဟုပြောကြားလိုက်လေသည်။

Frame 45-04

ဘာသာရေးခေါင်းဆောင်များသည် ထိုစကားကိုကြားသောအခါတွင် အလွန်အမျက်ထွက်ပြီး နားများကိုပိတ်၍ ကျယ်လောင်စွာအော်ဟစ်ကြလေသည်။ သူတို့သည် သတေဖန်ကိုမြို့ပြင် သို့ဆွဲထုတ်သွားပြီးကျောက် ခဲများဖြင့် ပစ်သတ်ရန်အမိန့်ပေးကြလေသည်။

Frame 45-05

သတေဖန်သည် သေအံ့ဆဲဆဲအချိန်တွင် ကျယ်လောင်စွာဖြင့် “ကိုယ်တော်ယေရှု ကျွန်ုပ်၏ဝိညာဉ်အား သိမ်းပိုက်တော်မူပါ” ဟူ၍ အော်ဟစ်ပြောကြားလေသည်။ သူသည် ဒူးထောက်၍ “အရှင် ဤသူတို့၏အပြစ်ကိုခွင့်လွတ်ပေးတော်မူပါ” ဟူ၍ အော်ဟစ်ငိုကြွေးပြီး သေဆုံးသွားလေသည်။

Frame 45-06

ထိုနေ့တွင် ယေရုရှလင်ရှိလူများသည် ကိုယ်တော်ယေရှု၏နောက်လိုက်များအား နှိပ်စက်သတ် ဖြတ်ကြသဖြင့် ယုံကြည်သူများသည်လည်း အခြားနေရာများသို့ ထွက်ပြေးသွားကြလေသည်။ ထိုသို့ဆန့်ကျင်ညှဉ်းဆဲမှုများရှိသော်လည်း သူတို့သည် အခြားသောနေရာများတွင် ကိုယ်တော်ယေရှုအကြောင်းအား ထပ်မံ ဟောပြောသွန်သင်ကြလေသည်။

Frame 45-07

ကိုယ်တော်ယေရှုအား ယုံကြည်သောဖိလိပ္ပုဆိုသူတစ်ဦးရှိခဲ့ပါသည်။ သူသည်လည်း အခြားယုံကြည်သူများကဲ့သို့ပင် ယေရုရှလင်မြို့မှ ထွက်ခွာလာခဲ့ပါသည်။ သူသည် ရှမာရိပြည်သို့သွား ၍ ကိုယ်တော်ယေရှုအကြောင်းအား ဆက်လက်သွန်သင်ဟောပြောသဖြင့် များစွာသောလူတို့သည် ယုံကြည်လာကြပြီး ကယ်တင်ခြင်းရရှိကြရလေသည်။ တစ်နေ့သောအခါတွင် ဘုရားရှင်၏ နတ်စေတမန်တစ်ပါးသည် ဖိလိပ္ပုထံသို့လာပြီး တောကန္တာရထဲရှိလမ်းတစ်လမ်းသို့ သွားရန် လာရောက်ပြောကြားသဖြင့် ထိုနေရာသို့သွားလေသည်။ သူသည် ထိုလမ်းအတိုင်း လျှောက်လာစဉ်တွင် မြင်းလှည်းစီးလာသောလူတစ်ယောက်အား တွေ့ရှိလေသည်။ ထိုသူသည် အဲသရောပိမှ အလွန်အရေးပါသောလူတစ်ဦးဖြစ်ပါသည်။ ဘုရားဝိညာဉ်တော်သည် ထိုလူနှင့် သွားရောက်စကားပြောရန် ဖိလိပ္ပုအား စေခိုင်းခဲ့ခြင်းဖြစ်လေသည်။

Frame 45-08

ထို့ကြောင့်ဖိလိပ္ပုသည် မြင်းလှည်းဆီသို့သွားရောက်လေသည်။ သူသည် အဲသရောပိလူမျိုးမှ ဘုရားရှင်၏ကျမ်းစာတော် ဖတ်နေသည်ကို ကြားရလေသည်။ သူသည် ရှေ့ဖြစ်ဟော ပညာရှိ ဟေရှာယရေးသားထားခဲ့သောစာများအား ဖတ်နေခြင်းဖြစ်ပါသည်။ ထိုလူက “သူတို့သည်ထိုကိုယ်တော်အား သိုးသတ်သမားက သိုးငယ်ကိုသတ်ရန် ခေါ်ဆောင်သွားသကဲ့သို့ ခေါ်ဆောင်သွားပြီး ၊သိုးငယ် ဆိတ်ဆိတ်နေသကဲ့သို့ သူသည်လည်း ဆိတ်ဆိတ်နေခဲ့ပါသည်။ သူတို့သည် သူ့အားမရိုမသေ မမျှမတပြုကြပြီး နောက်ဆုံးတွင် ကိုယ်တော်၏အသက်ကို ပါနှုတ်ယူသွားကြလေသည်” ဟူ၍ အသံထွက်ပြီးဖတ်ရှုနေလေသည်။

Frame 45-09

ဖိလိပ္ပုသည် အဲသရောပိလူမျိုးအား “မင်းဖတ်နေတဲ့ကျမ်းကိုမင်းနားလည်ရဲ့လား” ဟူ၍ မေးမြန်း သည်ကို အဲသရောပိလူမျိုးက “ကျွန်ုပ်အားတစ်စုံတစ်ယောက်က ရှင်းပြခြင်းမရှိ၍ ကျွန်ုပ်နားမလည် ပါ။ ကျေးဇူးပြု၍ ကျွန်ုပ်အနားသို့လာထိုင်ပါ။ဟေရှာယသည် တစ်စုံတစ်ယောက် အကြောင်းကို ရေးသားထားခြင်းလား” ဟူ၍ ပြန်လည်မေးမြန်းလေသည်။

Frame 45-10

ဖိလိပ္ပုသည်မြင်းလှည်းပေါ်သို့တက်၍ထိုင်လိုက်ပြီး ဟေရှာယသည် ကိုယ်တော်ယေရှု အကြောင်းအား ရေးသားထားခြင်းဖြစ်သည်ကို အဲသရောပိလူမျိုးအား ရှင်းပြလေသည်။ ဖိလိပ္ပုသည် ဘုရားရှင်၏နှုတ်ကပတ်တော်ထဲရှိတစ်ခြားသောအကြောင်းအရာများကိုလည်း ရှင်းပြလေသည်။ ဤနည်းဖြင့် သူသည် ကိုယ်တော် ယေရှု၏သတင်းကောင်းများကို ဟောပြောလေသည်။

Frame 45-11

ဖိလိပ္ပုနှင့် အဲသရောပိလူမျိုးတို့ခရီးအတူသွားကြပြီး ရေရှိရာအရပ်သို့ရောက်သောအခါ တွင် အဲသရောပိလူမျိုးက “ဟိုမှာရေအနည်းငယ်ရှိပါတယ်၊ ကျွန်ုပ်ရေနှစ်မင်္ဂလာခံယူ၍ရပါသလား” ဟူ၍ ပြောကြားလိုက်ပြီး မြင်းလှည်းမောင်းသူအား မြင်းလှည်းကိုရပ်တန့်စေလိုက်သည်။

Frame 45-12

ထို့ကြောင့် ဖိလိပ္ပုသည် အဲသရောပိလူမျိုးအား ရေထဲသို့သွားပြီး ရေနှစ်မင်္ဂလာပြုပေးလိုက် လေသည်။ သူတို့ရေထဲမှတက်လာသည်နှင့်ချက်ချင်းပင်ဘုရားရှင်၏ဝိညာဉ်တော်သည် ဖိလိပ္ပုအား အခြား အဝေးတစ်နေရာသို့ ခေါ်ဆောင်သွားသဖြင့် ထိုနေရာတွင် ဖိလိပ္ပုသည် လူများကိုဘုရားရှင်၏ အကြောင်းအား ဆက်လက်သင်ကြားဟောပြောလေသည်။

Frame 45-13

အဲသရောပိလူမျိုးသည် သူ၏အိမ်သို့ဆက်လက်ပြန်သွားပြီး ကိုယ်တော်ယေရှုကို သိကျွမ်းခွင့်ရ သဖြင့်အလွန်ပျော်ရွှင်ဝမ်းမြောက်နေလေသည်။

တမန်တော်ကျမ်း၆း၈-၈း၅;၈း၂၆-၄၀