ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

၃၇။ကိုယ်တော်ယေရှုက၊လာဇရုအား သေခြင်းမှပြန်လည်ရှင်သန်စေခြင်း

Frame 37-01

လာဇရုဟုခေါ်သောလူတစ်ဦးရှိခဲ့ပြီး သူ့ထံတွင်မာရိနှင့် မာသဟုခေါ်သော ညီအစ်မနှစ်ဦး ရှိလေသည်။ သူတို့သည် ကိုယ်တော်ယေရှုနှင့်လည်း အလွန်ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ တစ်နေ့တွင် ကိုယ်တော်ယေရှုအား လူတစ်ယောက်မှ လာဇရုအလွန်နေမကောင်းဖြစ်နေကြောင်း လာရောက်၍ပြောပြလေသည်။ ကိုယ်တော်ယေရှုသည် ထိုသို့ကြားသောအခါတွင် “ဤရောဂါ သည် လာဇရုအားသေစေမည့်ရောဂါမဟုတ်၊ဘုရားရှင်၏ဘုန်းတော်ပို၍ထင်ရှားစေလိမ့်မည့်ရောဂါဖြစ်သည်။” ဟူ၍ မိန့်တော်မူလေသည်။

Frame 37-02

ကိုယ်တော်ယေရှုသည် လာဇရုအား အလွန်ချစ်ခင်တော်မူလေသည်။ သို့သော်သူရောက်နေသောနေရာ၌နှစ်ရက်မျှစောင့် နေတော်မူသည်။ ထိုနှစ်ရက်ကျော်သောအခါတွင်
ကိုယ်တာ်ယေရှုသည် သူ၏တပည့်တော်များအား “ယုဒပြည်သို့ ပြန်သွားကြစို့”ဟု မိန့်တော်မူလိုက်သောအခါတွင် တပည့်တော်များက “မကြာသေးခင်က ၎င်းနေရာမှလူများသည် ကိုယ်တော်ကို သတ်ချင်နေကြသည် မဟုတ်ပါလား”ဟူ၍ ပြန်လည်လျှောက်တင်လေသည်။ ထိုအခါတွင် ကိုယ်တော် ယေရှုက “ငါတို့၏မိတ်ဆွေလာဇရု အိပ်ပျော်လျက်နေ၏။ငါသူ့ကိုသွား နိုးရမည်”ဟူ၍ ပြန်လည်မိန့်တော်မူလိုက်ပါသည်။

Frame 37-03

ကိုယ်တော်ယေရှု၏တပည့်တော်များက “ကိုယ်တော်လာဇရုသည် အမှန်အိပ်ပျော်နေခြင်းဖြစ်လျှင် သူပြန်၍ကျန်းမာလာပါလိမ့်မည်”ဟု ပြန်လည်လျှောက်ထားလိုက်ပါသည်။ ထို့နောက်ကိုယ်တော် ယေရှုသည် သူတို့အား “လာဇရုမှာသေပြီ။ ငါထိုနေရာတွင် မရှိခြင်းအတွက်ငါဝမ်းမြောက်၏။ ထိုမှသာ သင်တို့ငါ့အားယုံကြည်ကြလိမ့်မည်။”ဟု ပွင့်လင်းစွာ မိန့်တော်မူလေသည်။

Frame 37-04

ကိုယ်တော်ယေရှုသည် လာဇရု၏မွေးရပ်မြေသို့ရောက်သောအခါတွင် လာဇရုမှာသေပြီး၍လေးရက်ကြာမြင့်ပြီဖြစ်သည်။ မာသသည် ကိုယ်တော်ယေရှုနှင့်တွေ့ဆုံရန်ထွက်လာပြီး “ကိုယ်တော်၊ ကိုယ်တော်သာဤနေရာတွင်ရှိခဲ့လျှင် ကျွန်မ၏မောင်သေမည် မဟုတ်ပါ။ သို့သော်ဘုရားရှင်သည် ကိုယ်တော်တောင်းသည့်အရာတိုင်း အားပေးလိမ့်မည်ဆိုသည်ကို ကျွန်မယုံကြည်ပါသည်” ဟူ၍ လျှောက်တင်လိုက်ပါသည်။

Frame 37-05

ကိုယ်တော်ယေရှုက “ငါသည်အသက်ရှင်ခြင်းနှင့်ပြန်လည်ရှင်ပြန်ထမြောက်သောအရှင်ဖြစ်၏။ ငါ့အားယုံကြည်သူသည် သေသော်လည်းပြန်ရှင်လာလိမ့်မည်။ ငါ့အားယုံကြည်သူတိုင်းဘယ်သောအခါမှသေဆုံးလိမ့်မည်မဟုတ်။သင်သည် ဤစကားကိုယုံကြည်ပါသလား”ဟူ၍ ပြန်လည်မိန့်တော်မူလေသည်။ ထိုအခါတွင် ‘မာသ’က “မှန် ပါ၊အရှင် ကိုယ်တော်သည် ‘မေရှိယ’ဖြစ်ပြီး ဘုရားရှင်၏သားတော်ဖြစ်သည်ကို ယုံကြည်ပါသည်”ဟူ၍ ပြန်လည်လျှောက်ထားလေသည်။

Frame 37-06

ထို့နောက် မာရိရောက်ရှိလာပြီး ကိုယ်တော်ယေရှု၏ခြေတော်ရင်းတွင်ပျပ်ဝပ်လျှက် “ ကိုယ်တော်သာဤနေရာတွင်ရှိလျှင် ကျွန်မ၏မောင် သေမည်မဟုတ်ပါ”ဟူ၍ လျှောက်တင်လေသည်။ ကိုယ်တော်ယေရှုသည် သူတို့အား “သင်တို့ လာဇရုအလောင်းကို မည်သည့်နေရာတွင်ထားကြသနည်း”ဟူ၍ မေးမြန်းလေသည်။ ထိုသူတို့က ကိုယ်တော်ယေရှုအား “အုတ်ဂူထဲတွင် ထည့်သွင်းထားရှိပါသည်။ လာ၍ကြည့်ရှုတော်မူပါ”ဟူ၍ လျှောက်ထားတော် မူလေသည်။ ထို့နောက်ကိုယ်တော်ယေရှုသည် မျက်ရည်ကျတော်မူလေ၏။

Frame 37-07

သင်္ချိုင်းဂူဆိုသည်မှာ အပေါက်ဝတွင် ကျောက်တုံးဖြင့်ပိတ်ထားသော ကျောက်ဂူတစ်လုံးပင်ဖြစ်သည်။ ကိုယ်တော်ယေရှုသည် ကျောက်ဂူဆီသို့ ရောက်လာသောအခါတွင် အခြားလူများအား “ထိုကျောက်တုံးကို ဖယ်လိုက်ပါ”ဟု မိန့်တော်မူလေသည်။ သို့သော် မာသက “သူသေ သည်မှာ လေးရက်ခန့်ရှိပြီးဖြစ်သဖြင့် အပုပ်နံ့များထွက်နေပါလိမ့်မည်”ဟု လျှောက်ထားတော် မူလေသည်။

Frame 37-08

ကိုယ်တော်ယေရှုသည် “ငါ့အားယုံကြည်ခြင်းရှိလျှင် ဘုရားရှင်၏တန်ခိုးတော်အား တွေ့မြင်ရလိမ့်မည်ဟု ငါပြောထားသည်မဟုတ်လား”ဟု မိန့်တော်မူလေသည်။ ထိုအခါတွင် သူတို့သည် ကျောက်တုံးအားတွန်း၍ဖယ်ရှားလိုက်ကြလေသည်။

Frame 37-09

ထို့နောက်ကိုယ်တော်ယေရှုသည် ကောင်းကင်သို့မော့ကြည့်ပြီး “အဖဘုရားရှင် သားတော်လျှောက်ထားသည်များအား နာကြားတော်မူသောကြောင့်ကျေးဇူးတင်ပါ၏။သားတော်၏စကားများအား အဖဘုရားရှင် အမြဲနားထောင်တော်မူနေသည်ကိုလည်း သိပါသည်။သားတော်အား အဖဘုရားရှင်စေလွှတ်တော်မူကြောင်းကိုဤနေရာတွင်ရှိသောသူများသိစေရန်ဤသို့အမိန့်တော်ပေးပါ၏”ဟူလျှောက်ထား ကာ “လာဇရု ထွက်ခဲ့တော့”ဟု အော်ခေါ်လိုက်လေသည်။

Frame 37-10

ထိုအခါတွင် လာဇရုသည်သင်္ချိုင်းဂူမှအသုဘအဝတ်များစည်းနှောင်ထားလျှက်အတိုင်းထွက်လာခဲ့လေသည်။ ကိုယ်တော်ယေရှုသည် ထိုသူတို့အား “ထိုအဝတ်များအား ဖြည်ပေးလိုက်ပါ” ဟူ၍ ပြောကြားလိုက်ပါသည်။ ယုဒလူမျိုးအများစုသည် ထိုထူးဆန်းအံ့ဩဖွယ်ကောင်းသောအဖြစ်အပျက်ကြောင့် ကိုယ်တော်ယေရှုအား ယုံကြည်လာကြလေသည်။

Frame 37-11

သို့သော်လည်းယုဒလူမျိုးများနှင့် ဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော်ယေရှုအား မနာလိုကြသဖြင့်ကိုယ်တော်ယေရှုနှင့် လာဇရုအားမည်သို့သတ်ပစ်ရန် အတူတကွ ပူးပေါင်းကြံစည်ကြလေတော့သည်။

ယောဟန် ၁၁:၁-၄၆