ဘုရားရှင်သည် ကိုယ်တော်ယေရှုအားသေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေတော်မူခြင်း
စစ်သားများက အရှင်ယေရှုအား လက်ဝါးကပ်တိုင်ပေါ်သို့ တင်ပြီးသောအခါတွင် ယုဒလူမျိုး ခေါင်းဆောင်များက “ယေရှုက သုံးရက်ကြာသောအခါတွင် သေခြင်းမှရှင်ပြန်ထမြောက်လာမယ်လို့လိမ်ပြောခဲ့တယ်၊သူုရဲ့အလောင်းကို သူ့တပည့်တွေမခိုးနိုင်အောင် လူတစ်ချို့စောင့်သင့်တယ်၊ သူတို့ခိုးယူနိုင်ခဲ့လျှင် ယေရှုသေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်သွားပြီလို့ ပြောကြလိမ့်မယ်”ဟု ပြောကြားခဲ့လေသည်။
ပိလက်က “စစ်သားအချို့ကိုခေါ်ယူပြီး အုတ်ဂူကိုစောင့်နိုင်သလောက် စောင့်ထားကြပါ”ဟူ၍ ပြောကြားလိုက်ပါသည်။ ထို့ကြောင့်သူတို့သည်လူများထိုအုတ်ဂူကိုပိတ်ထားသောကျောက်တုံးအားမရွေ့နိုင်ရန်ကျောက်တုံးတွင်အမှတ်အသား တံဆိပ်တစ်ခုပြုလုပ်ထားကြလေသည်။ ခန္ဓာကိုယ်ရုပ်အလောင်းအား မခိုးယူနိုင်စေရန် စစ်သားအချို့ကို အစောင့်ချထားခဲ့လေသည်။
ကိုယ်တော်ယေရှုသေဆုံးပြီး ၊နောက် တစ်ရက်သည် ဥပုသ်နေ့ဖြစ်သည်။ ဥပုသ်နေ့တွင် မည်သူမှ အလုပ်မလုပ်၊ခရီးမသွားကြသောကြောင့် ကိုယ်တော်ယေရှု၏ မည်သည့်သူငယ်ချင်းမျှ သူ၏အုတ်ဂူသို့ မသွားကြပေ။ သို့သော် ဥပုသ်နေ့ပြီး နောက်တစ်နေ့နံနက်စောစောတွင် အမျိုးသမီးများစွာသည် ကိုယ်တော်ယေရှု၏ အုတ်ဂူ သို့သွားရောက်ရန် ပြင်ဆင်ကြလေသည်။ ကိုယ်တော်ယေရှု၏ ခန္ဓာကိုယ်ရုပ်အလောင်းအား အမွှေးနံ့သာများ ဖြင့် ပူဇော်လိုကြသည်။
အမျိုးသမီးများမရောက်ရှိမီအချိန်တွင် ကိုယ်တော်ယေရှုအုတ်ဂူရှိသောနေရာတွင် မြေငလျင်ပြင်းထန်စွာလှုပ်ခတ်သွားခဲ့လေသည်။ နတ်စေတမန်တစ်ပါးသည်သည် နိဗ္ဗာန်ရွှေမြို့တော်မှလာရောက်ပြီး အုတ်ဂူ အဝတွင်ပိတ်ထားသောကျောက်တုံးအား ဖယ်ရှား၍ ထိုအပေါ်တွင်ထိုင်နေလေသည်။ အုတ်ဂူနားတွင် ရှိသော စစ်သားများက ထိုနတ်စေတမန်အားတွေ့မြင်လိုက်ကြသည်။ ထိုနတ်စေတမန်၏ အဆင်းသဏ္ဍာန်သည် တောက်ပလင်းလက်နေလေသည်။ စစ်သားများသည် အလွန်အမင်းကြောက်လန့်ပြီး မြေကြီးပေါ်သို့ ဗိုင်းကနဲလဲကျသွားကြလေသည်။
အမျိုးသမီးများသည် အုတ်ဂူသို့ရောက်ရှိသောအခါတွင် နတ်စေတမန်က သူတို့အား “မကြောက် လန့်ကြပါနှင့်။ ကိုယ်တော်ယေရှု ဤနေရာတွင်မရှိတော့ပါ၊ သူပြောခဲ့သည့်အတိုင်း သူသည်သေရာမှ ပြန်လည်ရှင်ပြန်ထမြောက်ခဲ့လေပြီ။ အုတ်ဂူအတွင်းသို့ကြည့်လိုက်ကြပါ”ဟူ၍ ပြောကြားလိုက်ပါသည်။ အမျိုးသမီးများသည် အုတ်ဂူအတွင်းသို့ကြည့်လိုက်ရာကိုယ်တော်ယေရှု၏ ခန္ဓာကိုယ်ရုပ်အလောင်း မရှိတော့ချေ။
ထို့နောက်နတ်စေတမန်သည် ထိုအမျိုးသမီးတို့အား “တပည့်တော်များကိုသွား၍ ပြောကြားလိုက်ပါ။ ကိုယ်တော်ယေရှုသည် သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်လာပြီး၊သင်တို့ထက်ဦးစွာဂါလိလဲသို့ ကြိုပြီးသွားနှင့်ပြီ”ဟူ၍ ပြောကြားလိုက်ပါသည်။
ထိုအမျိုးသမီးများစွာတို့သည် အလွန်အမင်းအံ့ဩပြီး ပျော်ရွှင်ဝမ်းမြောက်စွာ တပည့်တော်များထံသို့ ထိုသတင်း ကောင်းအားပြောကြားရန် ပြေးသွားကြလေသည်။
ထိုအမျိုးသမီးများသည် တပည့်တော်များထံသို့ သတင်းကောင်းပြောကြားရန် သွားသောလမ်းတွင် ကိုယ်တော် ယေရှုသည် သူတို့၏ရှေ့သို့ရောက်လာခဲ့လေသည်။ သူတို့သည် ကိုယ်တော်ယေရှု၏ခြေထောက်တွင် ဦးညွှတ်၍အရိုအသေပြုကြလေသည်။ ထို့နောက်ကိုယ်တော်ယေရှုသည် “မကြောက်ရွံ့ကြပါနှင့် ငါ၏တပည့်တော်များထံသို့ သွား၍ ဂါလိလဲဒေသသို့သွားကြရန် ပြောပြလိုက်ပါ၊ သူတို့သည် ငါ့အားထိုနေရာတွင်တွေ့ကြ ရလိမ့်မည်” ဟူ၍ ပြောကြားလိုက်ပါသည်။
မဿဲ၂၇:၆၂_၂၈:၁၅ မာကု ၁၆:၁_၁၁; လုကာ ၂၄:၁_၁၂ ; ယောဟန် ၂၀ : ၁_၁၈