၃၅။သနားကြင်နာခြင်းနှင့်ပြည့်စုံသော ဖခင်ပုံဥပမာ
တစ်နေ့သောအခါတွင် ကိုယ်တော်ယေရှုသည် သူ၏ဆိုဆုံးမမှုများအား နားထောင်နေသူများကို ပြောဆိုသင်ကြားပေးနေလေသည်။ ထိုလူများထဲတွင် အခွန်ကောက်ခံသူများနှင့် မောရှေဥပဒေအား မလိုက်နာကြသူများလည်း ပါဝင်လေသည်။
အချို့သောဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော်ယေရှုက ထိုလူများအားသူငယ်ချင်း မိတ်ဆွေ များကဲ့သို့ ပြောဆိုဆက်ဆံနေသည်ကို တွေ့မြင်ကြရသောအခါ ကိုယ်တော်ယေရှု လုပ်ရပ်များမှားယွင်းနေသည်ဟု အချင်းချင်းပြောဆိုကြလေသည်။ထိုအခါကိုယ်တော်ကဤပုံဥပမာအားဟောပြောတော်မူလေသည်။
“ဖခင်တစ်ဦးတွင်သားနှစ်ယောက်ရှိလေသည်။ တစ်နေ့တွင် သားငယ်ကဖခင်ဖြစ်သူအား ‘အဖေ၊ ကျွန်တော်ရထိုက်သောအမွေအား အခုခွဲပေးပါ’ဟုပြောသဖြင့် ဖခင်သည်သူ၏ပိုင်ဆိုင် မှုများအား သားနှစ်ဦးကိုခွဲဝေပေးလိုက်လေသည်။”
“မကြာမီအချိန်တွင် သားငယ်သည် သူ၏ပိုင်ဆိုင်မှုအားလုံးအား ယူဆောင်၍ အဝေးတစ်နေရာသို့ထွက်ခွာသွားပြီး ၊ထိုနေရာတွင်အပျော်အပါးလိုက်စားကာငွေကြေးဥစ္စာများအား ဖြုန်းတီးပစ်လေတော့သည်။”
“ထိုသို့ဖြုန်းတီး၍ငွေကြေးများကုန်ဆုံးသွားသောအခါတွင် ထိုနေရာ၌ ဆိုးရွားသောအငတ်ဘေးနှင့်ကြုံတွေ့ရ၏။ထိုအခါသားငယ်သည် စားစရာဝယ်ယူရန်ငွေမရှိတော့ပေ။ ထို့ကြောင့်သူသည် ဝက်စာကျွေးသောအလုပ်ကိုလုပ်ကိုင် လေသည်။ သူသည် အလွန်ဒုက္ခရောက်၍ ဆာလောင်နေသောကြောင့် ဝက်စာများကိုပင် စားချင်စိတ်ပေါက်လာလေ သည်။”
နောက်ဆုံးတွင် ထိုသားငယ်သည် “ငါဒီမှာ ဘာလုပ်နေတာပါလိမ့်၊ ငါ့အဖေ၏ အခိုင်းအစေ များပင်အစားအသောက်များပေါများပြီး ယခု ငါ့တွင်စားစရာမရှိပေ။ ငါ့အဖေဆီသို့ ပြန်လည်သွားရောက်ပြီး သူ၏အခိုင်းအစေတစ်ဦးအဖြစ် နေခွင့်ရရန် သွားရောက်တောင်းဆိုမည်”ဟု သူ့ကိုယ်သူပြောဆိုညည်းတွားလေ သည်။
ထို့နောက်တွင် သားအငယ်သည် သူ့ဖခင်အိမ်သို့သွားရောက်လေတော့သည်။ သူ၏ဖခင် သည် အဝေးမှပင် သူ့အားမြင် သော်သနားသဖြင့်ပြေး၍ဖက်ကာနမ်းရှုံ့လေသည်။”
“အဖေ ကျွန်တော်သည် ဘုရားရှင်နှင့် ဖခင်အပေါ်ပြစ်မှားမိပါပြီ။ အဖေ၏သားမဖြစ် ထိုက်တော့ပါ”ဟု ဖခင်အား သားငယ်က ပြောဆိုတောင်းပန်လေသည်။
“သို့သော်သူ၏ဖခင်သည် သူ၏အစေခံများအား ‘ အကောင်းဆုံးအဝတ်အစားများအား အမြန်သွားယူပြီး ငါ့သားအားဝတ်ပေးလိုက်ပါ။ သူ့လက်မှာလက်စွပ်ဆင်ပေးပြီး သူ့ခြေထောက် ကိုလည်း ဖိနပ်တစ်ရံစီးပေးလိုက်ပါ။ အကောင်းဆုံး၊အချောဆုံးနွားကလေးကိုပေါ်၍ ပျော်ပွဲရွှင်ပွဲ ကျင်းပပေးပါ။ ငါ၏သားသည် သေရွာမှပြန်လာပြီ။ ပျောက်ဆုံးနေသောသားကို ယခုအခါ ငါပြန်တွေ့ပြီ။”ဟုပြောလေသည်။
“ထိုအခါတွင်လူများသည် ပျော်ပွဲရွှင်ပွဲဆင်နွှဲကြလေတော့သည်။ မကြာမီတွင် သားကြီးသည် လယ်ထဲမှ အိမ်သို့ပြန်လာလေသည်။ သူသည်တီးမှုတ်ကခုန်သံများကို ကြားသောအခါတွင်အံ့ဩသွားလေသည်။”
“သားကြီးသည် သူ၏ညီအိမ်သို့ပြန်ရောက်သဖြင့် ပျော်ပွဲရွှင်ပွဲ ကျင်းပနေရခြင်းဖြစ်ကြောင်းကို သိရှိ သွားသောအခါတွင် အလွန်ဒေါသထွက်ကာ အိမ်ထဲသို့မဝင်လိုတော့ပေ။ သူ၏ဖခင်သည် အပြင်သို့ ထွက်လာပြီးလျှင် သူတို့နှင့်အတူတူ ပျော်ပွဲရွှင်ပွဲကျင်းပရန် လာရောက်ပြောဆိုသော်လည်း အစ်ကိုဖြစ်သူမှာ ငြင်းဆိုလိုက်လေသည်။”
“သားကြီးသည် သူ၏ဖခင်အား ‘ကျွန်ုပ်သည် နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် သင့်ထံတွင်သစ္စာရှိ စွာဖြင့် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်သည် ဖခင်၏စကားအား မည်သည့်အချိန်တွင်မှ မလွန်ဆန်ခဲ့သော်လည်း ကျွန်ုပ်နှင့်သူငယ်ချင်းများ ပျော်ပွဲရွှင်ပွဲကျင်းပရန်အတွက် ဆိတ်ငယ်လေးတစ်ကောင်ပင်မပေးခဲ့ပါ။ သို့သော် အဖေ၏သားငယ်သည်အဖေ၏ငွေ ကြေးဥစ္စာများအား အပျော်အပါးအတွက်ဖြုန်းတီးပစ်ခဲ့သော်လည်း သူအိမ်သို့ပြန်ရောက် လာသောအခါတွင် ဖခင်မှာ သူ့အတွက်ပျော်ပွဲရွှင်ပွဲကျင်းပရန်အကောင်းဆုံးနွားကိုပင် သတ်ပေးသည်။’ ဟူ၍ သူ၏ဖခင်အား ပြောဆိုလေသည်။
“ဖခင်က ‘သားကြီးသည် ငါနှင့်အတူတစ်ကွရှိခဲ့သဖြင့်ငါ့ဥစ္စာရှိသမျှတိုင်းကိုသင်ပိုင်၏။ သို့သော်ငါတို့ ဤသို့ကျင်းပရခြင်းမှာ သင့်ညီသည် သေရွာမှပြန်လာသောကြောင့်ပင်ဖြစ်သည်။ပျောက်ဆုံးနေသောသားအားပြန်တွေ့သောကြောင့်ဝမ်းသာပျော်ရွှင်၍ပွဲတော်ကျင်းပခြင်းဖြစ်သည်။’ ဟူ၍ ရှင်းပြလိုက်ပါသည်။”
လုကာ ၁၅:၁၁-၃၂